ရေဖြူ-ကံပေါက်လမ်း စစ်ဆေးရေးဂိတ်သစ်ကြောင့် ကုန်သည်နှင့် ဒေသခံများ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။ 

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကလိန်အောင် – ကံပေါက်လမ်းပိုင်းတွင် စစ်ကော်မရှင်တပ်မှ စက်တင်ဘာလ ဒုတိယ ပတ်မှစတင်၍ စစ်ဆေးရေးဂိတ် အသစ်တစ်ခု ထပ်တိုးပြီး ပိုမို တင်းကြပ်လာခဲ့သည်ဟု လမ်းပိုင်းကို အသုံးပြုနေသည့် ကားသမားများက ပြောသည်။

ကလိန်အောင်မြို့နှင့် ကံပေါက်တိုက်နယ်ကို ဆက်သွယ်ထားသည့်လမ်းပေါ်ရှိ စစ်ကော်မရှင်တပ်နှင့် ဆက်စပ် သည့် ဦးပိုင်ကုမ္ပဏီပိုင် ဆီအုန်းခြံနှင့် ဂန့်ဂေါ်တောင် ဘူတာအကြား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် တိုးချဲ့ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် ကားသမားတစ်ဦးက ဂန့်ဂေါ်တောင် စစ်ဆေးရေးဂိတ်က ဖြတ်သန်းရတာ အဆင်ပြေ တယ်။ လူဟောင်းတွေ ဖြစ်နေတော့ မိတ်ဆွေ တွေ ဖြစ်နေကြပြီ၊ အခုဂိတ် အသစ်က လူက အသစ်တွေဆိုတော့  အစစ်အဆေးက နည်းနည်း ကြမ်းတယ်။ နောက်ပြီး ဂိတ်တစ်ခုနဲ့ တစ်ခုက အဆက်အသွယ် မရှိတော့ ပထမဂိတ် က ဆန်အိတ်ကို ခွင့်ပြုပေးလိုက်ပေမဲ့ နောက်တစ်ဂိတ်က ခွင့်မပြုဘူး။ ဆွဲချတာခံရတယ်။ စကားပြောနေရတာ တွေ ရှိတယ် ဟု ပြောသည်။

ယခင်ကလည်း အဆိုပါ လမ်းပိုင်းတွင် ဂန့်ဂေါ်တောင် စစ်ဆေးရေးဂိတ်တစ်ခု တည်ရှိပြီး လက်ရှိတွင် စစ်ဆေး ရေး ဂိတ်နှစ်ခုစလုံးကို မောရဝတီရေတပ်မှ နေရာယူထားသည်ဟု ရွာသားများက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးအပတ်က ဦးပိုင်ကုမ္ပဏီ ဆီအုန်းခြံမှ အရာရှိတစ်ဦး အပါအဝင် ဝန်ထမ်းမိသားစု ခုနစ်ဦးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးသွားပြီးနောက် ဆီအုန်းခြံနှင့် ဆက်စပ်နေသည့် ဖားချောင်းအုပ်စုကို စစ်ကော်မရှင်တပ်မှ ရက်သတ္တပတ်ကြာ စစ်ကြောင်းထိုးခဲ့သေးကြောင်း ဆိုသည်။

စစ်ကြောင်းထိုးပြီးသည့် နောက် ယခုကဲ့သို့ စစ်ရေးဂိတ်အသစ်ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

စစ်ကော်မရှင်တပ်မှ ကလိန်အောင် လမ်းပိုင်းတွင် ဂိတ်နှစ်ခု၊ သဲချောင်းကျေးရွာအုပ်စုနှင့် ဖောင်းတောကျေးရွာ အုပ်စုတွင် ပျူစောထီး ဂိတ်နှစ်ဂိတ်၊ မင်းသားကျေးရွာအုပ်စုတွင် ပျူစောထီးဂိတ် တစ်ခုတို့အပြင် ပယကျေးရွာ တွင် တပ်စွဲထားကာ ကံပေါက်တိုက်နယ်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက်လာခြင်းကို ကာ ကွယ် ပြင်ဆင်ထားသည်ဟု ဆိုသည်။

ကံပေါက်တိုက်နယ်တွင် စစ်ကော်မရှင်တပ်၏ မောရဝတီ ရေတပ်စခန်း ဌာနချုပ်နှင့် စစ်အုပ်စုအတွက် နိုင်ငံခြားဝင်ငွေ အများအပြား ရရှိနေသည့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များ တည်ရှိသည်။