နူရာ ဝဲစွဲ၊ လဲရာ သူခိုးထောင်းသည့် နောင်အင်းလေး

ဆိုင်းနှောင် ရေးသည်။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်။

‘ပလပ် ပလပ်’ ဆိုသည့် ရေလှိုင်းရိုက်သံများ အဆက်မပြတ် ကြားနေရသည်။ 

ဖောင်တော်ဦးဘုရား ဘေးရှိ ရေချောင်းမှ ရေလှိုင်းများသည် ဘုရားရင်ပြင် ကမ်းစပ်တစ်လျှောက်လုံး၌ ရိုက်ခတ်နေခြင်း ဖြစ်သည်။ 

အင်းလေးကန် ရေမျက်နှာပြင် မြင့်တက်နေသည့်ကြားက လူထုဘဝထက် စစ်ကော်မရှင်၏ ပွဲဖြစ်မြောက် ရေးကို ဦးစားပေးမည့် ဖောင်တော်ဦးဘုရားပွဲ စီစဉ်မှုမှာလည်း ဒေသခံများအတွက် အိမ်မက်ဆိုး တစ်ခုဖြစ် လာလေသည်။

ဈေးရောင်းရဖို့ မပြောနဲ့။ ရေထပ်တက်လာလို့ ပစ္စည်းတွေ ရွှေ့နေရပြီ။ ပွဲခင်းနေရာတွေမှာလည်း ရေဝင် နေသေးတယ်။ ထပ်တက်လာရင် မတွေးရဲစရာပဲ ဟု ဘုရားဈေးသည် ကိုကျော်သန်း (အမည်လွှဲ)က လက်ရှိအခြေအနေကို ပြောပြသည်။

အင်းလေးကန်၏ ရေမျက်နှာပြင်မှာ မကြာသေးမီကမှ အနည်းငယ် မြင့်တက်လာပြီး ဘုရားရင်ပြင်အထိ ရေများ ပြန်ဝင်ရောက်မည့်အလား လှိုင်းလုံးများ ပုတ်ခတ်လျက် ရှိသည်။

ဘုရားရင်ပြင်ပေါ်သို့ ဒုတိယအကြိမ် ရေဝင်ရောက်ရန် တပေခန့်သာ လိုတော့သည်။ 

ထိုသတင်းမှာ တံငါသည်များအတွက် အားတက်စရာ ဖြစ်သော်လည်း ဒေသခံများအတွက် အိမ်မက်ဆိုး တစ်ခု ဖြစ်နေသည်။ 

ပြီးခဲ့သည့် ဩဂုတ်လအလယ်ပိုင်းကလည်း ဘုရားရင်ပြင်ပေါ်သို့ ရေဝင်ရောက်ခဲ့ဖူးပြီး စက်တင်ဘာလ အစပိုင်းရောက်မှသာ ပြန်ကျသွားခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်တောင်ပိုင်းရှိ ကလော၊ ညောင်ရွှေ၊ တောင်ကြီး၊ ပင်လောင်း စသည့်ဒေသများ၌ ဇူလိုင်လ ၂၇ ရက်နေ့မှ စ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ထိုရေများမှာ အင်းလေးကန်အတွင်းသို့ စီးဆင်းလာခဲ့သည်။ 

မိုးရေချိန် ၄.၇၅  လက်မ အထိ ရောက်ရှိခဲ့ပြီး ရေမျက်နှာပြင် ငါးပေခန့် အထိ မြင့်တက်လာခဲ့သည်။ 

ရေမြင့်တက်မှုကြောင့် ရေပေါ်ကျေးရွာ တစ်ရာကျော်၌ လူနေအိမ်အောက်ထပ်များ ရေဝင်ရောက်ခဲ့သည်။ 

ပျက်စီးဆုံးရှုံးမှုမှာ လူနေအိမ် တစ်ရာကျော်ခန့်အထိ ရှိပြီး လက်ရှိချိန်အထိ ရေလွှမ်းခံနေရဆဲ ဖြစ်သည်။

ရေများ ပတ်လည်ဝန်းရံလျက်ရှိသော အင်းလေးဒေသတွင် မကြာမီကာလအတွင်း ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ ပူဇော်ပွဲ ကျင်းပရန် ပြင်ဆင်လျက်ရှိသည်။

 ရေကြီးရေလျှံမှု ဖြစ်နေသည့်ကြား စစ်ကော်မရှင်က မဖြစ်မနေ ကျင်းပရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ 

လက်ရှိ အခြေအနေမှာ ပထမအကြိမ် ရေကြီးပြီးနောက် ရေအနည်း ကျဆင်းပြီးနောက်ပိုင်း ရေများ တစ်ရိပ် ရိပ် ပြန်တက်လာချေပြီ။ 

ဖောင်တော်ဦး ဘုရားရင်ပြင်သို့ ရေနောက်တစ်ကြိမ်ဝင်ရောက်ရန် လှိုင်းလုံးများက ရှေ့ပြေးနိမိတ်အလား ဖော်ပြနေကြသည်။ 

လူနေအိမ်များကြားတွင်လည်း ရေအလုံးစုံ မကျသေးသည့်အပြင် ဘုရားဈေးဆိုင်ခန်းများ၌လည်း ရေများ ကျန်နေဆဲ ဖြစ်သည်။ 

ဖောင်တော်ဦးဘုရား ပရဝမ်တွင်းရှိ ဈေးဆိုင်ခန်းပေါင်း ခန့်မှန်းခြေ ၂၀၀ ကျော်ရှိသည့်အနက် ၅၀ ဝန်းကျင်ခန့် မှာ ရေကြီးရေလျှံမှုကြောင့် ပိတ်ထားရဆဲဖြစ်ပြီး ဘုရားအောက်ဆိုင်ခန်း ၅၀ ကျော်မှာလည်း ရောင်းချခွင့် မပြုသေးချေ။ 

ရေကြီးရေလျှံမှုကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု မရှိသော်လည်း သွားရေးလာရေးနှင့် ဝင်ငွေနည်းပါးမှု အခက်အခဲများ ကြုံနေရဆဲ ဖြစ်သည်။

မြောက်ဘက်ကုန်းမြင့်ကျတဲ့ ဆိုင်တွေတော့ ရောင်းလို့ရမယ်။ တောင်ဘက်ခြမ်းကတော့ မရနိုင်သေးဘူး။ အခုတောင် ကြွေပြားအသစ်ခင်းထားတာက နည်းနည်းမြင့်လို့ ခံသာတာ။ အဟောင်းသာဆို ဝင်နေလောက် ပြီ ဟု ကိုကျော်သန်းက ရေပြင်ကို ငေးကြည့်ရင်း ကြုံနေရသည့် အခြေအနေများကို ရင်ဖွင့်သည်။ 

ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင်လည်း အင်းလေးဒေသရှိ ကျေးရွာအုပ်စုပေါင်း ၃၄ စု၊ ကျေးရွာပေါင်း ၄၄၆ ရွာ ရှိသည့်အနက် ရေပြင်ကျေးရွာ ၁၇၁ ရွာ၌ လူနေအိမ်ပေါင်း တစ်ထောင်ကျော် ရေဘေးသင့်ခဲ့ရပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြရသည်။ ထို့အပြင် အိုးမဲ့အိမ်မဲ့ ဖြစ်သူများမှာလည်း ဒေသခံလူထု၏ သုံးပုံတစ်ပုံခန့်ထိ ရှိသွားခဲ့သည်။ 

ထိုနည်းတူစွာ ယခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သည့် ငလျင်ဘေးကြောင့်လည်း အိမ်ခြေ ၂၆၀၀ ခန့် ထိခိုက် ပျက်စီးခဲ့ရပြီး သေဆုံးသူဦးရေ ၁၀၀ ကျော်ခန့်အထိ မြင့်တက်သွားသည်။ 

အချို့လူနေအိမ်များမှာ ငွေကြေးမပြည့်စုံမှုကြောင့် ယခုချိန်ထိ ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးပေ။ 

ပြီးခဲ့သည့်နှစ် နှင့် ယခုနှစ် ရေကြီးမှုအတွင်း အင်းဝန်ကြီး ဦးအောင်ကြည်ဝင်း အပါအဝင် စစ်ကော်မရှင် လက်အောက်ခံ ဌာနဆိုင်ရာများမှ လာရောက်ကူညီမှုများ မရှိခဲ့ဘဲ ကိုယ်ထူကိုယ်ထဖြင့်သာ ပြန်လည် ထူထောင်ခဲ့ရလေသည်။ 

ဤသို့သော ‘နူရာဝဲစွဲ’ အခြေအနေများကြား၌ လူထုအနေဖြင့် ပွဲရေးထက် ဝမ်းရေးကိုသာ ဦးစားပေးနေရ လေ၏။ 

ရေဘေးသင့် ကေလာကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ဦးအောင်ကြည်ဝင်းက တခါမှတောင် လာ မကြည့်ပါဘူး။ ဌာနဆိုင်ရာတွေလည်း မလာကြပါဘူး။ ဒေသခံတွေနဲ့ တခြား မြေပြန့်ဘက်က အလှူရှင်တွေ ကြောင့်သာ အိမ်တွေ ပြန်ဆောက်နိုင်တာပါ။ ပွဲသာလုပ်ချင်နေတာ။ ဒုက္ခရောက်တုန်းကတော့ ဘာမှ မကူညီ ပေးဘူး ဟု ပြောပြသည်။

ပွဲတော်အား အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် စစ်ကောင်မရှင်ကို ထောက်ခံသည့် လူနည်းစုတို့က ဦးစီးကျင်းပခြင်း ဖြစ်သည်။ 

ထို့အပြင် ၎င်းတို့ လက်ဝေခံ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) တို့မှလည်း ပါဝင်ကူညီမည်ဟု ပြောင်ပြောင်တင်းတင်း ကြေညာထားသည်။ 

ဦးအောင်ကြည်ဝင်းမှာ အင်းအမျိုးသား အဖွဲ့ချုပ် ပါတီ၏ ဥက္ကဋ္ဌဟောင်း ဖြစ်ပြီး စစ်အာဏာသိမ်း ကာလ အတွင်း တိုင်းရင်းသားရေးရာ ဝန်ကြီးဖြစ်လာသူ တစ်ဦးဖြစ်သည်။ 

၎င်းထံ၌ ဦးဇော်လတ်နှင့် ဦးဖိုးသာထူး ဆိုသည့် လက်ရုံး နှစ်ဦးရှိပြီး ပျူစောထီးများလည်း မွေးထားသည်။ လက်ရှိ အင်းလေးဒေသ စစ်မှုထမ်း ခေါ်ယူရေး၌ ၎င်းလက်ရုံးတပ်များက ဦးဆောင်လျက်ရှိသည်။ 

ဦးအောင်ကြည်ဝင်းမှာ ၂၀၁၀ ခုနှစ် ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းကပင် စစ်ဗိုလ်ချုပ်များနှင့် နီးကပ်သည့် ဆက်ဆံရေးရှိသူ ဖြစ်သည်။ လက်ရှိတွင်လည်း စစ်မှုထမ်းကောက်ခံရာ၌ ၎င်း၏ ပျူစောထီး တပ်ဖြင့် လိုက်လံစုဆောင်းနေသူ ဖြစ်သည်။

၎င်းတည်ထောင်ထားသည့် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ယှဉ်ပြိုင်ရသော ရွေးကောက်ပွဲတိုင်းတွင် ရှုံးနိမ့်ခဲ့ဖူးသည်။ 

စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ချိန်တွင် အင်းအမျိုးသားအဖွဲ့ချုပ်က  ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာထားသေးသည်။ 

လက်ရှိကာလ၌လည်း ပါတီဝင်များ အနေဖြင့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းများ ကောက်ယူနေ သည်။ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် စာရင်းများကိုမူ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။

ဘုရားအနီးတွင် နေထိုင်သည့် တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ဘုရားပွဲ ကျင်းပတာကိုတော့ စစ်ကောင်စီရဲ့ ဖိအားနဲ့ ဦးဆောင်မှုနဲ့ပေါ့။ အစည်းအဝေး လုပ်တုန်းကလည်း အင်းဝန်ကြီး ဦးအောင်ကြည် ဝင်းတို့က ဦးဆောင်ပြီး သူတို့ထောက်ခံတဲ့ လူနည်းစုလောက်နဲ့ပဲ ဆုံးဖြတ်ခဲ့တာပေါ့ ဟု ပြောပြသည်။ 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်း ဥပဒေပြဌာန်းပြီးသည့် နောက်ပိုင်း ယခု အပတ်စဉ် ၁၇ ရောက်သည်အထိ အင်းလေးဒေသ၌ စစ်မှုထမ်း လစဉ်ခေါ်ယူလေ့ရှိသည်။ 

ကျေးရွာအုပ်စုပေါင်း ၃၄ စုမှ အပတ်စဉ် တစ်ခုစီ၌ တစ်အုပ်စုလျှင် လေးဦး ခေါ်ယူခြင်း ဖြစ်သည်။ အချို့ကျေးရွာများမှာ ငွေကြေးဖြင့် လူစားထိုးခေါ်ယူကြသော်လည်း အများစုမှာ မလွတ်ကင်းနိုင်ကြချေ။   

အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့မှ အတွင်းရေးမှူး မကြိုးကြာက ဘုရားပွဲကတော့ အာဏာမသိမ်းခင် ကာလထက်တော့ စည်မှာ မဟုတ်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ မြန်မာနိုင်ငံမှာက အလုပ်ကိုင် ရှားပါးတာရယ်၊ စစ်မှုထမ်း‌ ခေါ်တာရယ်ကြောင့် အင်းလေးဒေသမှာရှိတဲ့ လူငယ်တွေလည်း နိုင်ငံခြား ထွက် ပြီး အလုပ်လုပ်ကြတယ်ပေါ့နော်။ ပြီးလို့ချင်ရင် သူတို့ စစ်အာဏာရှင်ကို တော်လှန်ချင်လို့ တောခိုသွားတဲ့ လူငယ် လည်း ရှိတယ်ပေါ့နော် ဟု ဒေသတွင်း အခြေအနေများကို ရှင်းပြသည်။ 

ဘုရားပွဲတော် ကျင်းပသည်မှာ လူထုစီးပွားရေးနှင့် သက်ဆိုင်မှု မရှိကြောင်း၊ လက်ရှိ ရေကြီးကာလ၌ ဘုရားပွဲ ကျင်းပမည်ဆိုပါက ဈေးသည်များ အနေဖြင့်လည်း ရောင်းချရန် အဆင်မပြေကြောင်း အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့က ၎င်းတို့၏ သဘောထားများကို ပြောပြသည်။ 

အလားတူ တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများနှင့် တောတွင်းရောက် အင်အားစုများကလည်း စစ်ကော်မရှင်က ကျင်းပမည့် ပွဲတော်ကို ကန့်ကွက်ထားသည်။

မကြိုးကြာက ဘုရားပွဲကျင်းပမယ်ဆိုတော့ စစ်တပ်ထောက်ခံတဲ့ လူနည်းစုက ပျော်ချင်လည်း ပျော်နေမှာ ပေါ့ ကျမအနေနဲ့ကျတော့ မပျော်နိုင်ပါဘူး။ ဘာဖြစ်လို့လဲ‌ဆိုရင် ဒီလောက် ဘေးအန္တရာယ်တွေ ကျရောက် နေတဲ့ကြားက ဖြစ်နေတဲ့ အချိန်မှာတော့ ဟိုလူ့ကိုကယ်ပါ ဒီလူ့ကိုကယ်ပါနဲ့။ အခု ကျတော့ ဒုက္ခမရောက် တော့တဲ့အတိုင်း ပျော်နေကြမယ်ဆိုရင် သူများတွေ ဘယ်လိုမြင်ကြမလဲ ကျမကတော့ ရှက်မိတယ်။ ဒါက နှစ်စဉ် ကျင်းပတဲ့ ပွဲမို့လို့ပါ။ ဘုရားကို ကြည်ညိုတယ်‌ ဆိုတာ တန်းခိုးကြီးတဲ့ ဘုရားတွေဖူးမှ မဟုတ်ပါဘူး။ စိတ်နှလုံးသားနဲ့ပဲ ဆိုင်တာပါ ဟု ၎င်း၏ သဘောထားကို ဆက်လက်ပြောပြသည်။

ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) မှ ပွဲတော်ကာလ တစ်လျှောက်လုံး၌ လုံခြုံရေး ယူပေးမည်ဆိုသည့် အချက်မှာ လည်း ဒေသခံများအတွက် စိုးရိမ်စရာ ဖြစ်နေသည်။ 

အဘယ်ကြောင့်ဆိုသော် PNA သည် ပအိုဝ်းဒေသများ အတွင်း ၎င်းအင်အား တိုးချဲ့ရေးအတွက် စစ်မှုထမ်း များ လစဉ်စုဆောင်းလျက် ရှိသည်။ ထို့အပြင် တစ်ဖက်တစ်လမ်းမှလည်း ၎င်းက စစ်ကော်မရှင်အတွက် လူကောက်ခံ ပေးနေရသည်။ 

၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလအတွင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဘုရားတောင်ကျေးရွာ၌ စစ်ဘေးရှောင် များ နေရပ်ပြန်လာချိန်တွင် PNA အဖွဲ့က တစ်အိမ်လျှင် ကျပ်တစ်သိန်း စစ်အသုံးစရိတ် ကောက်ခံခဲ့ပြီး တပ်သား ၁၀ ဦးထက်မနည်း စုဆောင်းခဲ့ဖူးသည်ဟု ဒေသခံများက ပြောပြသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်လဘာလအတွင်း ဖြစ်ပွားခဲ့သည့် တစ်လေးလုံး စစ်ဆင်ရေးအတွင်း အင်းလေးဒေသ အရှေ့ ဖက်ကမ်း၌ PNA နှင့် တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးသည့်အပြင် လက်ရှိကာလ အထိလည်း မကြာခဏ PNA က တပ်သားစုဆောင်းမှုလည်း လုပ်ဆောင်နေဆဲ ဖြစ်သည်။ 

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စစ်တပ်နှင့် PNA ပူးပေါင်းတပ်များက ညောင်ရွှေမြို့နယ်၊ အင်းလေး ဒေသ၊ ရေပူကျေးရွာရှိ တော်လှန်ရေးတပ် စခန်းနှစ်ခုကိုလည်း သိမ်းပိုက်ခဲ့ဖူးသည်။

ဘုရားအနောက်ဘက် ကျေးရွာတွင် နေထိုင်သည့် မသန်းမြင့် (အမည်လွှဲ)ဆိုသူက အင်းလေးဒေသ ရှေ့ဖက် ကမ်းမှာ စပြီးတိုက်ပွဲ ဖြစ်လာတော့ PNO က တချို့ရွာတွေဝင်ပြီး ထိန်းထားတယ်။ အဲဒီမှာ အရင်နှစ်ကဆို လူကောက်တာတွေ၊ ရိက္ခာစုတာတွေ ခဏခဏ ဖြစ်တယ်။ အခုလည်း ဝင်လိုက်ထွက်လိုက်ပဲ။ ဒီလို လူတွေ က ပွဲလုံခြုံရေးဆိုတော့ ကျမတို့ သားသမီးတွေကို ဘယ်လိုစိတ်နဲ့ ပွဲလွှတ်ရမလဲ ဟု ပြောသည်။

ဖောင်တော်ဦးဘုရားပွဲမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက စ၍ အင်းသားလူမျိုးတို့ နှစ်စဉ် ကျင်းပ လေ့ရှိသည့် ဘာသာရေး ပွဲတော်တစ်ခု ဖြစ်သည်။ 

မည်သည့် ခုနှစ်က စတင်ကျင်းပသည်ကိုမူ သမိုင်းမှတ်တမ်းများ၌ ဖော်ပြထားခြင်း မရှိပါ။ 

နှစ်စဉ် သီတင်းကျွတ် လဆန်း ၁ ရက်နေ့ (စက်တင်ဘာလ ၂၂ ရက်နေ့) မှ စတင်၍ သီတင်းကျွတ် လပြည့် ကျော် ၃ ရက်နေ့ (အောက်တိုဘာလ ၉ ရက်နေ့) အထိ ၂၁ ရက်ကြာ ကျင်းပခဲ့သည်မှာ ခေတ်အဆက်ဆက်ပင် ဖြစ်သည်။ 

ထိုကာလများအတွင်း ဖောင်တော်ဦးဘုရားမှာ ရတနာစံကျောင်းတော်မှ ထွက်ခွါပြီး ၂၁ ဌာနသို့ လှည့်လည် ကြွချီ အပူဇော်ခံခြင်း ဖြစ်သည်။ 

ဘုရားဆိုက်ရောက်ရာ ဒေသအသီးသီးသို့ ကြွချပြီးနောက် ကျောင်းတော်သို့ ပြန်ဝင်သည့်နေ့တွင် ပွဲတော် ပြီးဆုံးကြသည်။ 

ပွဲတော်တစ်လျှောက် ဘုရားဖောင်လှေအား လူ ၁၀၀ ကျော်ပါသည့် ဆွဲလှေများက ခြေထောက်ဖြင့် လှော် ခတ်ကာ ကျေးရွာ အသီးသီးသို့ ပင့်ဆောင်ကြရသည်။ 

ဘုရားဖောင်လှေ အနီးတစ်ဝိုက်တွင် ဆွမ်းတော်ကြီး ကပ်လှူသည့် ဖောင်လှေများ၊ နတ်သမီးကဲသို့ ဝတ်ဆင်၍ ကပြဖျော်ဖြေရသည့် လှေယာဉ်ငယ်များကလည်း ခြံရံလိုက်ပါရသေးသည်။ 

ထိုသို့ ရိုးရာယဉ်ကျေးမှု မပျက် ကျင်းပကြသည့် ဘုရားပွဲတော်အား စစ်အာဏာ မသိမ်းမီက ပြည်တွင်း ခရီးသွားများ သာမက နိုင်ငံခြားသား ဧည့်သည်များလည်း လာရာက်လည်ပတ်ကြသည်။

ဒေသစာရီကြွချီ အပူဇော်ခံပွဲကို စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် မကျင်းပဖြစ်ခဲ့ပေ။ သို့သော် ၂၀၂၂ ခုနှစ်တွင် ဒေသခံများက ဖောင်တော်ဦးဘုရား မပါဝင်ဘဲ အခြား ရုပ်ပွားတော်များနှင့် အစားထိုး၍  အကျဉ်း ချုံး ကျင်းပခဲ့ကြသည်။ 

ယင်းနောက်ပိုင်း ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်က ဦးဆောင်၍ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး အကြိမ်ကျင်းပခဲ့ကြပြန်သည်။ ထိုကာလများ၌ စစ်အာဏာမသိမ်းခင်က ကျင်းပသော ပွဲတော်များကဲ့သို့ စည်ကားခြင်း မရှိခဲ့ပေ။

၂၀၂၄ ခုနှစ်တွင်ကား စစ်ကော်မရှင်က ကျင်းပရန် လျာထားခဲ့သော်လည်း ရေဘေး အခက်အခဲများကြောင့် ပွဲတော် ရပ်ဆိုင်းခဲ့ရလေသည်။ အလားတူ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလများ၌လည်း ဘုရားပွဲ မကျင်းပ ဖြစ်ခဲ့ချေ။

ဖောင်တော်ဦး ဘုရားပွဲတော်မှာ ရိုးရာအားဖြင့် ချစ်ခင် နှစ်လိုဖွယ်ကောင်းပါသည်။ သို့သော် ယခုနှစ် ကျင်းပ မည့် ပွဲတော်မှာ စစ်ကော်မရှင်၏ ပယောဂများ ပါဝင်နေသည်။ ဘုရားပွဲ ဖြစ်မြောက်ခဲ့သော် ပထမဆုံး အမြတ်ထွက်မည့်သူမှာ စစ်ကော်မရှင်သာ ဖြစ်သည်။ 

ပွဲတော် တည်ငြိမ်အေးချမ်းစွာ ပြီးဆုံးပါက ၎င်းအနေဖြင့် လာမည့် ရွေးကောက်ပွဲအတွက် အမည်ကောင်း ရနိုင်သည်။ ပွဲတော်အား အသုံးချ၍ မဲများ သိမ်းကျုံးယူမည့် အနေအထား ဖြစ်နေသည်။ 

တစ်ဖက်တစ်လမ်း၌လည်း ကန်ထရိုက်ဆွဲသူများနှင့် လောင်းကစားဝိုင်း ပိုင်ရှင်များက ပွဲဖြစ်မြောက်ရန် ဝိုင်းဝန်း ဖိအားပေးနေကြသည်။ 

အလားတူ ရှေးရိုးစွဲ လူကြီးများမှလည်း ဘုရားပွဲ မဖြစ်၍ ယခင်နှစ် သဘာဝ ဘေးအန္တရာယ်များ ကြုံခဲ့ရသည် ဆိုသည့် ယူဆချက်များလည်း စွဲကိုင်ထားကြသည်။

ပွဲဖြစ်ရင် ဈေးရောင်းရမယ်။ ဒေသခံတွေ စီးပွားရေး ပြေလည်လာမယ်ဆိုတာတွေက အာပလာတွေပါ။ လောလောဆယ်တောင် ဆိုင်တွေက ရေမြုပ်နေတာ။ ဘယ်သူကလာကြပြီး ဘယ်သူ့ကို ရောင်းကြမှာလဲ။ ပင်နီယက်တဲ့ သူတွေတော့ ဆွဲလှေအတွက်ဆိုတော့ ရောင်းရမှာပေါ့။ ဒါကလည်း လူနည်းစုပါ ဟု ဘုရား ဈေးသည် ကိုကျော်သန်းက ဒေသခံများ၏ စီးပွားရေး အခြေအနေကို သုံးသပ်ပြသည်။ 

အင်းလေး ဖောင်တော်ဦး ဘုရားမှာ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များ၏ ယတြာချေရာ နေရာ ဖြစ် လေ၏။ 

ဦးသန်းရွှေ လက်ထက်မှ စ၍ ဦးသိန်းစိန် လက်ထက်အထိ တစ်မျိုးပြီးတစ်မျိုး မရိုးရသော ယတြာများဖြင့် ၎င်းတို့ အာဏာတည်မြဲအောင် ပြုလုပ်နိုင်သည်ဟု စစ်ခေါင်းဆောင်များက ယုံကြည်ကြသည်။ 

ယခင် စစ်အာဏာ မသိမ်းမီကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယတြာဟု ဆိုကာ ဖောင်တော်ဦးဘုရား ဆင်းတုတော်များကို မှန်လုံအိမ်ဖြင့် ထည့်၍ နှစ်နှစ်ကျော်ခန့်အထိ ပိတ်လှောင်ဖူးသည်။ 

ထိုကာလများအတွင်း ဘုရားဖူး ဧည့်သည်များပင်လျှင် ရွှေသင်္ကန်း ကပ်လှူခွင့် မရခဲ့ပေ။

ယခု ကျင်းပမည့် ပွဲတော်မှာလည်း စစ်ခေါင်းဆောင်၏ ယတြာကြောင့်သာ အလျင်စလို စီစဉ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများကြားတွင် ပြောဆိုမှုများ ရှိနေသည်။ 

ယတြာဟု ဆိုရခြင်းမှာ ရှေးယခင်ကတည်းက စစ်ခေါင်းဆောင်များ မကြာခဏ ဘုရားသို့ လာရောက်ခြင်း၊ လာရောက်ချိန်တိုင်း၌လည်း ပေါ်ပေါ်ထင်ထင် ယတြာပြုလုပ်ခြင်း၊ ယခင် ဘုရားအား မှန်လုံဖြင့် အုပ်မိုးပြီး အချိန်မှစ၍ မင်းအောင်လှိုင်က ၎င်းအာဏာ တည်မြဲသည်ဟု ဂေါပကများအား ပြောဆိုခဲ့ခြင်း၊ လက်ရှိ ကျင်းပမည့် ပွဲတော်၌လည်း ဆွဲလှေလှော်သူများ ဝတ်ဆင်မည့် ဘောင်းဘီ အရောင်ကို ၎င်းကသာ သတ်မှတ် ပေးခြင်း၊ ဘုရားကြွချီမည့် ကျေးရွာများတွင် ရေမြုပ်နေသော်လည်း အတင်းအကြပ် ကျင်းပခိုင်းခြင်း စသည့် အချက်များကြောင့် ဒေသခံများက ပြောနိုင်ခြင်း ဖြစ်သည်။

အစည်းအဝေးအား ဩဂုတ်လ ၁ ရက်နေ့တွင် ဖော်တော်ဦးဘုရား၌ စစ်ကော်မရှင် ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့ ပြီး ပွဲတော် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ 

အစည်းအဝေး၌ သံဃာတော် နာယက ဆရာတော်များ၊ ဂေါဗကအဖွဲ့ဝင်များနှင့် ဘုရားလူကြီးများက ရေကြီး နေသဖြင့် ပွဲကျင်းပရန် မသင့်ဟု ပြောဆိုခဲ့သော်လည်း စစ်ကော်မရှင် လက်အောက်ခံ လူနည်းစုများက ကျင်းပမည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

သို့သော် ပွဲကျင်းပမည့် စရိတ်ကိုမူ ထုတ်ပေးခြင်း မရှိဘူးဟု ဒေသခံများက ပြောသည်။ 

ဘုရားဈေးသည် တစ်ဦးဖြစ်သည့် မကြည်ပြာ(အမည်လွှဲ)က ဘုန်းကြီးတွေ ကန့်ကွက်တဲ့ကြားက အတင်း လုပ်တာပါ။ ဘုန်းကြီးတွေက ရေလည်း တရိပ်ရိပ်တက်နေလို့ အဆင်မပြေနိုင်ဘူး ပြောတာကို မင်းအောင် လှိုင်က သူတာဝန်ယူမယ်ဆိုပြီး ထလုပ်တာ။ ယတြာက သေချာပေါက်ပါတယ်။ ဆွဲလှေသမားတွေ ဝတ်မယ့် ရှမ်းဘောင်းဘီကို စကစ စီစဉ်ပေးတယ်ပြောတယ်။ သူတို့ ယတြာတွေပါ ဟု ပြောသည်။ 

စစ်ကော်မရှင်က ပွဲတော်နှင့် ဆက်စပ်၍ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီနှင့် အင်းလေးလူထုတို့ အကြား ချစ် ကြည်ရင်းနှီးမှု ရရန်အတွက်လည်း ရည်ရွယ်နေသည်။ 

ယခင်က အင်းလေးဒေသ၌ ပါတီ နှစ်ခု ရှိပြီး ယင်းပါတီများမှာ စစ်ကော်မရှင် အလိုကျ ဖြစ်ကြသည်။ အင်းအမျိုးသား ဖွံ့ဖြိုးရေးပါတီမှာ ၂၀၁၀ ရွေးကောက်ပွဲအတွင်း အနိုင်ရခဲ့ဖူးသည်။ 

သို့သော် ခရိုနီများထံ လာဘ်ယူ၍ အင်းအရှေ့ဘက်ကမ်းတွင် ဟိုတယ်ဇုန်များ တည်ဆောက်ခွင့် ပေးမှု ကြောင့် ဒေသခံများက ၂၀၁၅ ရွေးကော်ပွဲ၌ ထပ်မံ မဲမပေးကြတော့ချေ။ 

ထိုကာလများ အတွင်း အင်းအရှေ့ဘက်ကမ်း တစ်လျှောက် သစ်တောများ ပြုန်းတီးခဲ့ရဖူးသည်။ ပြီးခဲ့သည့် ၂၀၂၀ ရွေးကော်ပွဲတွင်လည်း စစ်ကော်မရှင် ထောက်ခံသူများက အင်းအမျိုးသား အဖွဲ့ချုပ်ပါတီကို အလျင် အမြန် ဖွဲ့စည်း၍ ယှဉ်ပြိုင်ခဲ့ကြသည်။ 

အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဦးအောင်ကြည်ဝင်းက နှုတ်ထွက်ပြီး ပါတီသစ်တွင် ဥက္ကဋ္ဌ နေရာယူကာ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ 

ကိုယ်စားလှယ်လောင်း နေရာတွင် ရွှေအင်းသာ ဟိုတယ်ပိုင်ရှင် ဒေါ်တင်ရီ (အန်တီအင်း) အား ဝင်ရောက် ယှဉ်ပြိုင်စေခဲ့သည်။ ထိုပါတီမှာလည်း ဝက်ဝက်ကွဲ ရှုံးနိမ့်ခဲ့ပြန်သည်။ 

ဒေါ်တင်ရီနှင့် နီးစပ်သည့် ဒေသခံ တက်ကြွလှုပ်ရှားသူ တစ်ဦးက အရင်ကတော့ အန်တီအင်းက သူအနိုင်ရ ရင် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ပြောခဲ့တာတော့ ရှိတယ်။ အဲဒါတွေက ရှုံးသွားလို့လားတော့ မသိ ဘူး။ ဘာမှဖြစ်မလာဘူး။ အင်းပါတီကိုလည်း စကစနဲ့ တစ်တွဲတွဲမို့ လူတွေက သိပ်မကြည်ကြတော့ဘူး။ ရေကြီး တုန်းကဆို ဦးအောင်ကြည်ဝင်း တခါမှ လာမကြည့်ဘူးလေ။ အခုချိန်မှာ ပွဲသာဖြစ်ရင် အင်းပါတီ ကိုလည်း လူတွေက ပြန်လက်ခံလာမယ်။ သူတို့ ဦးစီးတာကိုး။ စကစလည်း အင်းပါတီကို အသုံးချပြီး သူတို့ စိတ် ကြိုက် ထိန်းချုပ်လို့ရမယ်ပေါ့။ အင်းပါတီနဲ့ ဒေသခံ ပြန်အဆင်ပြေသွားရင် စစ်မှုထမ်းအတွက်လည်း ပူစရာ မလိုတော့ဘူးလေ ဟု ပြောသည်။

စစ်ကော်မရှင်က ကျင်းပမည့် ဒေသစာရီကြွချီ အပူ‌ဇော်ခံပွဲကို တော်လှန်ရေး အင်အားစုများ၊ တက်ကြွ လှုပ်ရှားသူများနှင့် အင်းလေး ပြည်သူ့ကာကွယ်ရေးတပ် အင်း-PDF တို့ကလည်း ထောက်ခံမှုမရှိကြောင်း ပြောဆိုထားသည်။  

သို့သော် စစ်ကော်မရှင် လော်ဘီ အကောင့်တုများနှင့် ၎င်းတို့ လက်အောက်ခံ ပါတီဝင်များ၊ ပျူစောထီးများ ကသာ ပွဲတော်ကျင်းပမည့် အချိန်ဇယားကို ဖြန့်ဝေလျက်ရှိသည်။

အင်းလေး PDF မှ တပ်ဖွဲ့ဝင် တစ်ဦးက ဖောင်တော်ဦး ဘုရားပွဲအတွက် IPDF အနေနဲ့ တစ်စုံတရာ ကာ ကွယ် ပေးဖို့တော့ မရှိပါဘူးနော်။ ဒီဘုရားပွဲနဲ့ ပတ်သက်ပြီးတော့ တခြားသော အကြောင်းအရာများ ဖြစ် လာလို့ ရှိရင်လည်း ကျနော်တို့ အနေနဲ့ တာဝန်ယူဖို့လည်း မရှိသလို ပြီးတော့ ဒီဘုရားပွဲကို အားပေးတာမျိုး လည်း မရှိဘူးပေါ့နော်ဟု ၎င်း၏သဘောထားကို ပြောဆိုထားသည်။

ဆက်ရသော် ပွဲတော်အား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စစ်ကော်မရှင်ဘက်မှ ကြိုတင် မစီမံနိုင်ခဲ့ပါ က လုံခြုံရေး အခက်အခဲများ မဖြစ်မနေ ကြုံရနိုင်သည်။ 

ယခင်နှစ်များကလည်း အင်းလေး တောင်ပိုင်းဒေသများ အတွင်း ဖြစ်ပွားခဲ့သည့် ပွဲတော်များ၌လည်း စစ်တပ် နှင့် ၎င်းတို့ လက်အောက်ခံ ပြည်သူ့စစ်များက ဝင်ရောက်ဖျက်ဆီးမှုများ ကြုံခဲ့ရဖူးသည်။ 

ယခုလည်း အင်းလေး ကန်ပတ်လမ်း အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း လမ်းနှစ်ခုလုံးတွင် စစ်ကော်မ ရှင်နှင့် PNA တို့က ပူးတွဲ ဂိတ်များ ဖွင့်လှစ်ထားပြီး ညအချိန်မတော် သွားလာသည့် ဒေသခံများအား ငွေကြေး တောင်းခံခြင်း၊ ပေါ်တာဆွဲခြင်းများ ပြုလုပ်နေဆဲ ဖြစ်သည်။ 

သို့ဖြစ်၍ စစ်မှုထမ်း ခေါ်ယူမှုများကြောင့် ရှောင်တိမ်းနေရသည့် လူငယ်များ အတွက်လည်း ပွဲတော်အား ပျော်ရွှင်ဖွယ်ရာ အဖြစ် မမြင်နိုင်တော့ဘဲ ငိုကြွေးရသည့် အိမ်မက်ဆိုးအဖြစ်သာ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်နေရ သည်။ 

ထို့အပြင် PNA နှင့် အင်းလေး ပျူစောထီး ကဲ့သို့သော ဒေသတွင်း လက်နက်ကိုင် အဖွဲ့များကိုလည်း ပွဲလုံခြုံ ရေးအဖြစ် အသုံးချမည်ဆိုပါက လူထု တိုက်ရိုက် ကြုံတွေ့နေဆဲ ဖြစ်သော စစ်ဘေး၊ စစ်မှုထမ်းဘေးတို့နှင့် အန္တရာယ် ကြုံလာရနိုင်ပြီး ပွဲတော်ကာလအတွင်း အခွန်ကောက်ခံမှုပါ တိုးမြင့်လာနိုင်သည်ဟု PDF တပ်ဖွဲ့ ဝင်က ပြောသည်။ 

လာမည့် နှစ်များအတွင်း စစ်ကော်မရှင်၏ ဦးဆောင်မှုမှ လွတ်ကင်းအောင် အင်းအမျိုးသား စာပေနှင့် ယဉ် ကျေးမှုအဖွဲ့နှင့် ဒေသတွင်း လူငယ်များက ကြိုတင်ကာကွယ်နိုင်ပါက အင်းလေးဒေသ၏ နှလုံးသည်း ပွတ်ဖြစ်သည့် ဖောင်တော်ဦး ဘုရားပွဲတော်ကို မူလယဉ်ကျေးမှု ရိုးရာနှင့်အညီ ပြန်လည် ကျင်းပလာနိုင်မည် ဖြစ်သည်။