မိုးသည်းထန်မှုကြောင့် ရေကြီးမည်ကို ရှမ်းတောင် ဒေသခံများ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်။
ရှမ်းပြည်တောင်ပိုင်းတွင် မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံဖြစ်မည်ကို ဒေသခံများ စိုးရိမ်ပူပန်နေကြသည်။
ရှမ်းပြည်တောင်ပိုင်းရှိ၊ တောင်ကြီး၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်နေသည့်အပေါ် ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။
တောင်ကြီးမြို့ခံ ပျံကျဈေးသည်တစ်ဦးက “မိုးက ရက်ဆက်ဆိုတော့ ဘယ်လိုမှ ဈေးရောင်းလို့ မရဘူး။ ဆိုင်တွေ ကလည်း ပိတ်လို့မရ။ ဒီထက်တက်လာရင်တော့ ငတ်ဖို့ပဲ ရှိတယ်။ မြောင်းလည်း ကောင်းကောင်းမရှိတော့ တခါ တခါရွာရင် ရေက ပြန်ကျဖို့ မလွယ်ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း မိုးနေ့စဉ်ရက်ဆက် ရွာသွန်းမှုကြောင့် ဇွန်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ City Square အနီးတစ်ဝိုက်ရှိ ပျံကျဈေးဆိုင်ခန်းများနှင့် မြေနိမ့်ပိုင်း ရပ်ကွက်အချို့၌ ရေစတင် ဝင်ရောက်နေပြီး ယခုရေမှတ်ထက် ထပ်တက်လာမည်ကို စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။
အလားတူ ညောင်ရွှေမြို့တွင်လည်း ယမန်နေ့ည (ဇွန် ၁၁)၌ ရေမတန်တဆ တက်လာသဖြင့် မင်္ဂလာဈေး အပါ အဝင် မြို့လည်ရပ်၊ မိုင်းလီရပ်ကွက်နှင့် ကျေးရွာဘက်များတွင် ရေစတင်ဝင်ရောက်လာပြီး လက်ရှိ အခြေအနေ အရ ရေအနည်းငယ် ကျသွားသော်လည်း သတိနှင့် နေထိုင်နေရသည်ဟု ဆိုကြသည်။
မင်္လာဈေးရှိ ဈေးသည်တစ်ဦးက “ရေကတော့ မနက်ကပဲ ကျသွားပြီ။ မြောင်းတွေထဲတော့ ရှိနေသေးတယ်။ ၁၆ ရက်နေ့အထိ မိုးကြေညာထားလို့ ဆိုင်ခန်း တော်တော်များများတော့ ပြောင်းမယ် လုပ်နေကြတယ်။ မနှစ်ကထက် မိုးများမယ်ဆိုလို့ လန့်နေကြတာ” ဟု ပြောသည်။
ညောင်ရွှေမြို့နှင့် ၇ မိုင်သာ ကွာဝေးသည့် ရွှေညောင်မြို့တွင်လည်း တာယောချောင်း ရေမြင့်တက်လာမှုကြောင့် ရွှေဘုံသာရပ်ကွက် အပါအဝင် ရေနွေး၊ အောင်သပြေ စသည့်ကျေးရွာများအတွက် အရေးပေါ် ပြင်ဆင်နေရ သည်ဟု ဆိုသည်။
ဇွန်လ ၁၂ ရက်နေ့ အခြေအနေအရ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်လည်း မြို့တွင်း ရပ်ကွက် အချို့တွင် လူနေအိမ်များ၌ ရေစတင်ဝင်ရောက်နေပြီဟု ဒေသခံများက ပြောသည်။
ဇွန်လ ၁၀ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့ အထိ ၃ ရက်တာအတွင်း ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ရေပြင်သည် လည်း ၉ လက်မခန့် မြင့်တက်လာပြီး ညောင်ရွှေမြို့သို့ သွားလာမည့်သူများအတွက် သတိဝိရိယ ရှိကြရန် မြေပြင် ကယ်ဆယ်ရေး အဖွဲ့ဝင်များက သတိပေးထားသည်။