ပုလဲ ဂျက်လေယာဉ် ပျက်ကျမှု အရပ်သား ၄ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက တိုက်ပွဲတစ်ခုအတွင်းမှာ စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာ ပစ်ချခံရမှု ဖြစ်စဉ်တွင် အရပ်သား ၄ ဦး သေဆုံးခဲ့သည်။
ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) နှင့် ပူးပေါင်းအဖွဲ့က ဇွန်လ ၁၀ ရက်နေ့က ပစ်ချလိုက်သည့် စစ်ကောင်စီ၏ ဂျက်ဖိုက်တာမှာ ကျေးရွာအတွင်းရှိ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရမှာ ယခုကဲ့သို့ သေဆုံးမှု များ ရှိခဲ့ခြင်း ဖြစ်သည်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက “အရပ်သား ၄ ဦးသေဆုံးတယ်လို့ ကနဦးတော့ သိရ ပါတယ်။ သေချာတော့ မစိစစ်ရသေးပါဘူးဗျ။ ပညာရှင်တွေ ပြောတာကို သိရတဲ့အခြေအနေအရဆိုရင် ဂျက် ဖိုက်တာမှာတော့ မောင်းသူတစ်ယောက်ပဲ ပါတယ်ပေါ့နော်။ မောင်းသူ တစ်ယောက်ကပဲ လေကြောင်း တိုက် ခိုက်မှုတွေ လုပ်တယ် ဒီလိုပဲ သိရတယ်။ အဲ့လိုဆို တော့ ဒီဖိုက်တာပေါ်မှာ တစ်ယောက်ပဲ ပါတယ်လို့ပဲ ယူဆရမှာ ပေါ့နော်။ သူ့ကိုလည်း အပိုင်းအစတွေတော့ တွေ့ပါတယ်။ ဆိုတော့ လေယာဉ်ပျက်ကျမှု ဖြစ်စဉ်မှာ မောင်းသူ လည်း သေဆုံးသွားတယ်လို့ အတည်ပြုလို့ရပါတယ်” ဟု ပြောသည်။
ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA က ပစ်ချခဲ့ခြင်း ဖြစ် သည်ဟု ဇွန်လ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ထားသည်။
အွန်လိုင်းပေါ်မှာ တက်လာသည့် သတင်းရုပ်ပုံများနှင့် ရုပ်သံ ဗွီဒီယိုဖိုင်အရ ဂျက်ဖိုက်တာမှာ အိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး မီးလောင်နေခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်အတွင်း အရပ်သား ၄ ဦးနှင့်အတူ ဂျက်ဖိုက်တာ မောင်းနှင်သူ သေဆုံးခဲ့ခြင်း ဖြစ်သည်။
ယခု ပစ်ချလိုက်သည့် ဂျက်ဖိုက်တာမှာ တံတားဦး လေတပ်က တက်လာပြီး ပုလဲမြို့နယ်ထဲကို လှည့်ပတ်ပစ်ခတ် နေခြင်း ဖြစ်သည်။
ဒေသခံတစ်ဦးက “ဒေသတွင်း တိုက်ပွဲ အခြေအနေတွေကတော့ အရှိန်မြင့်တုန်းပဲ၊ ရှိတုန်းပဲ။ စကခ စစ်ကြောင်း ကလည်း ရှိနေတာဆိုတော့။ ဒီထိုးစစ်အခြေအနေကလည်း မရပ်သေးဘူး။ ဒီအတိုင်းပဲ ဆက်ရှိနေတုန်း။ လေ ကြောင်း တိုက်ခိုက်မှုကလည်း စကခလေယာဉ် ပစ်ခတ်ခံရလို့ ပျက်ကျပြီးနောက် တောက်လျှောက်ပဲ Y12 ရော၊ ဂျက်ဖိုက်တာရော ၅ ကြိမ်လောက် လာပြီးတော့ ပစ်ခတ်တာတွေတော့ ရှိပါတယ်ဗျ။ ဒီနေ့လည်း မိုးတွေ က အရမ်းရွာနေတယ်။ ဒီနေ့တော့ ထပ်လာတော့ မရှိသေးဘူး” ဟု ပြောသည်။
ကန့်ဒေါင်ကျေးရွာ နယ်မြေရဲစခန်းသိမ်း တိုက်ပွဲကို PLA က ဦးဆောင်နေခြင်း ဖြစ်ပြီး ပုလဲမြို့နယ်အတွင်း တိုက်ပွဲ များ ဆက်လက်ဖြစ်နေသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။
ကန့်ဒေါင့်ကျေးရွာက နယ်မြေရဲစခန်းကို PLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းအဖွဲ့က ဇွန်လဆန်းက စတင် ၍ တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း နေ့စဉ် လေယောဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည် ဟု ဆိုကြသည်။