ဟိုပုံးရှိ ဘိုးဘွားပိုင်မြေကို စစ်ကော်မရှင် သိမ်းယူ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်။

စစ်တက္ကသိုလ်များနှင့် ထိစပ်နေသည့် ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အတွင်းရှိ ဘိုးဘွားပိုင်မြေဧက ၅၀၀ ကျော်ကို စစ်ကော်မရှင်က သိမ်းယူလိုက်ပြီး အမြန်ဆုံး ဖယ်ရှားပေးရန် ခြိမ်းခြောက်ထားသည်ဟု ဒေသခံများက ပြောသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များနှင့် ထိစပ်နေသော လူနေအိမ်ခြေများနှင့် ဘိုးဘွားပိုင်မြေဧက ၅၀၀ ကျော်ကို မြေလွတ်မြေရိုင်းအဖြစ် သတ်မှတ်ကာ အဓမ္မသိမ်းယူလိုက်ပြီး အချိန်မီမပြောင်းရွှေ့ပါက အင်အားသုံးဖယ်ရှားမည်ဟု ခြိမ်းခြောက်ထားခြင်း ဖြစ်သည်။

ဟိုပုံးမြို့နယ်၊ လုံခတ်ကျေးရွာ၊ နောင်တောင်း ပရဟိတကျောင်းအနီးရှိ မြေ ၅၆၁ ဒသမ ၇၅ ဧကခန့်ကို စစ်ကော်မ ရှင်တပ်က မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။

၎င်းတို့လက်အောက်ခံ မြို့နယ်ထွေအုပ်ရုံးက ၁၈၈၉ ခုနှစ် အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်း ဥပဒေ များကို အကြောင်းပြကာ ဒေသခံများအား နှင်ထုတ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA/PNO) နှင့် မြေပွဲစားများက မြေပိုင်ရှင်များ ကို နေအိမ်များမှ ဖယ်ရှားခိုင်းနေပြီး၊ မိမိတို့မြေကွက်အား ပြန်လည်ရရှိလိုပါက ငွေကျပ်သိန်း ၄၀ ပေးသွင်း၍ ပြန်လည်ဝယ်ယူရမည်ဟု ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။

မြေသိမ်းခံရသည့် ဒေသခံတစ်ဦးက သူတို့ ပြောတာက မင်းတို့နေတာက ကျူးကျော် ဖြစ်နေတယ်။ အဲ့ဒါ ကြောင့် ငါတို့က တရားဝင်အောင် လုပ်ပေးမယ်။ နေရာပြန်ပေးမယ်။ မီးလည်း ရမယ်။ သိန်း ၄၀ သွင်းပေါ့။ ပြန်ပေးတာက ဘယ်နေရာ ဖြစ်မလဲတော့ မသိသေးဘူး။ လောလောဆယ် အိမ်လည်းဆုံးမှာ။ ပိုက်ဆံလည်း ကုန်မှာ ဟု ပြောသည်။

အဆိုပါမြေနေရာများတွင် နေထိုင်သူများ အနေဖြင့် လာမည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကို နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် စစ်ကော်မရှင်က ရာဇသံပေးထားပြီး၊ လိုက်နာခြင်းမရှိပါက အင်အားသုံး ဖယ်ရှားရှင်းလင်း သွားမည်ဟု ဆိုသည်။

ဒေသတွင်း တက်ကြွလှုပ်ရှားသူများ၏ အဆိုအရ အဆိုပါမြေဧက ၅၀၀ ကျော်မှာ ရှေးယခင်ကတည်းက ရွာပိုင် မြေများဖြစ်ပြီး၊ လက်ရှိ နိုင်ငံရေး ရှုပ်ထွေးနေသည့် ကာလတွင် ပအိုဝ်းပြည်သူများ၏ အသိပညာနည်းပါးမှုကို အခွင့်ကောင်းယူကာ စစ်ကော်မရှင်တပ်က အမြတ်ထုတ်နေခြင်းဖြစ်သည်ဟု ဆိုသည်။ 

အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် ရွာသားတစ်ဦးကလည်း သူတို့ ပြောပုံအရတော့ မင်းတို့ မြေပြန်ရမယ်။ မီးလည်းရမယ်။ လမ်းတွေလည်း ကောင်းလာမယ်ပေါ့။ ကျနော်တို့က PNO ကို ယုံတာ မယုံတာထက် သူတို့ပဲ ရှိတယ်ဆိုတဲ့ သဘောပေါ့။ တခုခု ပြောချင်ဆိုချင်ရင် သူတို့ကပဲ တဆင့်သွားရတာပဲ။ သိတဲ့အတိုင်း ပအိုဝ်းနီ (PNLO) အဖွဲ့ကလည်း အလှမ်းဝေးတယ်လေ။ အဲတော့လည်း ရွေးစရာမရှိ ထည့်တဲ့လူက ထည့်ကြတာပေါ့။ တချို့ကတော့ အသနားခံစာ တင်ထားတယ်ဆိုတော့ စောင့်ကြည့်မယ့် သဘောပေါ့ ဟု ပြောသည်။

အဆိုပါ သိမ်းဆည်းခံမြေနေရာများသည် စစ်ရေးနှင့် အုပ်ချုပ်ရေးအရ အချက်အချာကျသည့် နေရာတွင် ရှိနေပြီး အရှေ့ဘက်တွင် စစ်ကော်မရှင်၏ ကွန်ပျူတာတက္ကသိုလ်၊ မြောက်ဘက်တွင် နည်းပညာသိပ္ပံလေ့ကျင့်ရေး ကျောင်းနှင့် တောင်ဘက်တွင် PNO ၏ အုပ်ချုပ်ရေးရုံးများ တည်ရှိနေသည်။

သမိုင်းကြောင်းအရ အဆိုပါမြေများသည် ၁၉၉၂ ခုနှစ်တွင် တစ်ကြိမ် သိမ်းယူခြင်းခံခဲ့ရသော်လည်း ၂၀၁၅ ခုနှစ် တွင် လက်ရှိ PNO ဥက္ကဋ္ဌဖြစ်သူ ခွန်စံလွင်ထံ ပြန်လည်ပေးအပ်ခဲ့သည့် လုံခုတ်ကျေးရွာပိုင်မြေများ ဖြစ်ကြောင်း ရှေ့မီနောက်မီ ပအိုဝ်းရပ်မိရပ်ဖများက ထောက်ပြသည်။

လက်ရှိတွင် ပအိုဝ်းဒေသအတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA ပူးပေါင်းတပ်များက လူသစ် စုဆောင်းခြင်း၊ တိုက်ပွဲများ ဖော်ဆောင်ခြင်းအပြင် ယခုကဲ့သို့ ဒေသခံတို့၏ ဘိုးဘွားပိုင်မြေများကို ဥပဒေ အကြောင်းပြ သိမ်းယူနေခြင်းကြောင့် ဒေသခံပြည်သူများမှာ စားဝတ်နေရေးနှင့် နေထိုင်ရေးအတွက်ပါ အကျပ် အတည်းများစွာ ရင်ဆိုင်နေရသည်ဟု ဆိုသည်။