ပျောက်ဆုံးနေသော ရွာသားများ၏ အလောင်းများကိုသာ တွေ့ရှိခဲ့ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်။ 

ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယတွင် ပျောက်ဆုံးနေသည့် လယ်ကိုင်းရွာသား ၄ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြသည်။ 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း၌ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံရပြီး နှစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေသည့် ဒေသခံ ၄ ဦးကို ရုပ်အလောင်းများအဖြစ် ပြန်လည်တွေ့ရှိခဲ့ကြောင်း သေဆုံးသူ မိသားစု ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ ဒေသခံ ၄ ဦး၏ ရုပ်အလောင်းများကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ညပိုင်းတွင် လယ်ကိုင်းကျေးရွာ၏ မြောက်ဘက် လမ်းခုလတ်တစ်နေရာ၌ ရွာခံများက ဝိုင်းဝန်းရှာဖွေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့ ညပိုင်းကတည်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

သေဆုံးသူများနှင့် မိတ်ဆွေရင်းချာဖြစ်သူ တစ်ဦးက လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး အလောင်းကတော့ အရမ်းကြီး မပျက်စီးသေးဘူး။ သူတို့ မိသားစုကတော့ ခပ်အေးအေးပါပဲ။ စစ်တပ်နဲ့ ပတ်သက်လားဆိုတာတော့ မသိဘူး။ အလိုက်ထိုက် ဆက်ဆံရတာတော့ ရှိတာပေါ့လေ။ ဘယ်ဖက်လဲဆိုတာတော့ ကျနော်တို့ မခိုင်လုံဘဲနဲ့ ရမ်းမပြောရဲဘူး။ သူတို့ ပြီးရင် ကျနော်တို့အလှည့် ဖြစ်သွားမှာ ကြောက်လို့ ဟု ပြောသည်။

သေဆုံးသွားသူများမှာ လယ်ကိုင်းကျေးရွာတွင် နေထိုင်သည့် အသက် ၅၄ နှစ်အရွယ် ဦးစံရွှေမြင့်၊ အသက် ၄၃ နှစ်အရွယ် ဦးကျော်မိုးသူ၊ အသက် ၄၄ နှစ်အရွယ် မဝေဆုလှိုင်နှင့် အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။ 

၎င်းတို့ ၄ ဦးသည် နေအိမ်၌ ရှိနေစဉ် ဇန်နဝါရီ ၂၇ ရက်နေ့၊ ည ၉ နာရီခွဲ အချိန်ခန့်တွင် လက်နက်ကိုင်များက လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ၁၃ ရက်အကြာတွင် အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း၌ စစ်ကော်မရှင်တပ်အပြင် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး (DPLA)၊ ရွာငံပြည်သူ့ကာကွယ်ရေးတပ် (YGN-PDF) နှင့် ဓနုပြည်နယ် အမျိုးသားတပ်မတော် (DSNA) တို့ စစ်ရေးလှုပ်ရှားလျက်ရှိသည်။ 

သို့သော် လယ်ကိုင်းကျေးရွာ ဝန်းကျင်တွင်မူ စစ်ကော်မရှင်တပ်နှင့် ရွာငံ PDF အဖွဲ့တို့သာ အဓိက လှုပ်ရှားနေ ကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

အဆိုပါ သတ်ဖြတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးသလို၊ ရွာငံ PDF ထံ သတင်းနှင့် မီဒီယာကွန်ယက် (NMG) သတင်းဌာနက က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော် လည်း ဖုန်းစက်ပိတ်ထားသဖြင့် ဆက်သွယ်၍ မရသေးပေ။

ပင်းတယနှင့် ထိစပ်နေသည့် ရွာငံမြို့နယ်အတွင်း၌ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလပိုင်းကလည်း ပဲယင်းတောင် ကျေးရွာမှ ဒေသခံ ၆ ဦးကို စစ်ကော်မရှင်တပ်က သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။ 

ထိုစဉ်က စစ်ကော်မရှင် ၏ ဝါဒဖြန့်လော်ဘီများက အဆိုပါ သတ်ဖြတ်မှုကို PDF များက ကျူးလွန်ခြင်း ဖြစ် သည်ဟု ဝါဒဖြန့်ခဲ့သော်လည်း ဒေသခံများကမူ စစ်တပ်၏ လက်ချက်ဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။

ယခုဖြစ်စဉ်တွင်လည်း မည်သည့်အဖွဲ့က ကျူးလွန်သည်ကို အတည်မပြုနိုင်သေးသော်လည်း လက်နက်ကိုင် အဖွဲ့များကြား မြေစာပင်ဖြစ်နေရသည့် ဒေသခံပြည်သူများမှာ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြရ သည်ဟု ဆိုသည်။