ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသော အလောင်း ၃ လောင်းတွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်။ 

ကချင်ပြည်၊ ဖားကန့်မြို့နယ်ထဲတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၃ ဦး၏ အလောင်းများကို တွေ့သည်ဟု ဒေသခံများက ပြောသည်။

သေဆုံးသူများ၏ အလောင်းများကို ဇွန်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် မှော်စီစာကျေးရွာတွင် လာပစ်သွားခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ဒေသခံ ရွာသားတစ်ဦးက ၁၂ ရက်နေ့၊ ဒီနေ့ မနက်အစောပိုင်းမှာ လာပစ်သွားတာပါဗျ။ သူတို့သုံးယောက်လုံး က ဒေသခံ ရွာခံတွေတော့ မဟုတ်ဘူး။ ဒီပတ်ဝန်းကျင်မှာ နေတာတော့ ကြာပြီ။ လူတိုင်းလည်း သူတို့ကို သိ တယ်။ စျေးတွေမှာ လိုက်အိပ်တယ်၊ ဆိုင်တွေမှာ လိုက်အိပ်တယ် အဲ့လိုမျိုး လိုက်နေတာဗျ။ ဘယ်သူက ပစ်တာ သတ်သွားတာလဲတော့ မပြောတတ်ဘူးနော်ဗျ ဟု ပြောသည်။

အသတ်ခံလိုက်ရသည့် အမျိုးသား ၃ ဦးမှာ လူလတ်ပိုင်းအရွယ်များ ဖြစ်ကြသည်။ 

ဇွန်လ ၁၁ ရက်နေ့၊ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ သွားလာနေသည့်အပြင် သေနတ်သံများလည်း ကြားခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။ 

ထိုသို့ သေနတ်သံများ ကြားရပြီးနောက် နံနက်ပိုင်းတွင် ယခုကဲ့သို့ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်း ၃ လောင်းကို တွေ့ရခြင်း ဖြစ်သည်ဟု ဆိုကြသည်။

အလောင်းများကို သွားကြည့်ခဲ့သူ တစ်ဦးက မနေ့ကညပိုင်းက ဘုရားကုန်းက စစ်သားတွေ ဆင်းလာတာလည်း တွေ့တဲ့ လူတွေရှိတယ်။ ပြီးတော့ ရွာထဲမှာ လျှောက်သွား လှုပ်ရှားနေတာမျိုးပေါ့လေ ပြောရင်တော့။ ညဘက် ကျတော့ သေနတ်သံတွေလည်း ကြားတယ်။ စစ်သားတွေ သွားလာနေတာ သိတော့ ဘယ်သူမှတော့ အပြင်ထွက် မကြည့်ကြဘူးပေါ့နော်။ စစ်သားတွေက သတ်တာလားဆိုတော့ အဲ့လိုမျိုးလည်း အတိအကျတော့ မပြောတတ် ဘူးနော် ဟု ပြောသည်။

မည်သူမည်ဝါ မည်သည့် အဖွဲ့အစည်း၊ မည်သည့် လက်နက်ကိုင်အဖွဲ့က သတ်သွားသည်ကို မသိရသေးဘူးဟု ဆိုကြသည်။

သို့သော် စစ်ကောင်စီ စစ်ကြောင်းများ ဖားကန့်မြို့နယ်အတွင်း ဝင်ရောက်လာသည့် အချိန်မှစ၍ ယနေ့အချိန်ထိ နေ့စဉ်နှင့်အမျှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဇွန်လ ၁၂ ရက်နေ့တွင်လည်း မှော်စီစာကျေးရွာအနီးရှိ သာယာကုန်း၊ အောင်သာယာနှင့် အခြားသော ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့က လှုပ်ရှားသွားလာနေပြီး ကချင်လွတ်လပ် ရေး တပ်မတော် KIA ပူးပေါင်းတပ်နှင့်လည်း ထိတွေ့မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။