မောတောင်လမ်းပိုင်း တစ်လတာအတွင်း အသွားအလာမရှိ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်။
တနင်္သာရီမှ နယ်စပ်ရှိ မောတောင် လမ်းပိုင်းရှိ နယ်စပ် ကုန်သွယ်ရေးလမ်းကို ပြန်လည်ဖွင့်လှစ်ထားသည့် တစ်လတာ ကာလအတွင်း အသွားအလာ မရှိခဲ့ဘူးဟု ဒေသတွင်း တာဝန်ရှိသူများက ပြောသည်။
နယ်စပ် ကုန်သွယ်ရေး လမ်းပိုင်းဖြစ်သည့် တနင်္သာရီ – မောတောင်သွား ကားလမ်းကို စစ်ကောင်စီနှင့် ကရင်အမျိုးသား အစည်းအရုံး KNU နှစ်ဘက်စလုံးမှ ဖြတ်သန်း သွားလာခွင့် ပြုထားခဲ့သော်လည်း တစ်လနီးပါးကြာသည့် အချိန်အထိ သွားလာကြသော ခရီးသွားများ မရှိသေးကြောင်း ကော်သူးလေအာမီ (ထီးဆဲ့မဲရွာ တပ်ရင်း) တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထီးဆဲ့မဲ့ရွာ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက “လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ အကြား စစ်ရေးတင်းမာနေကြပြီး စစ်ကောင်စီဘက်က နယ်မြေတွေကို ထိန်းချုပ် စိုးမိုး နိုင်ဖို့အတွက် အင်အားဖြည့်တာ၊ ရှေ့ဆက်တိုး ထိုးစစ်ဆင် နေတာမျိုး တွေ့နေရတယ်။ ပူးပေါင်းတပ်ဖွဲ့တွေ ဘက် ကလည်း နယ်မြေတွေ မပေးရရေး ခံစစ် ခုခံပြင်ဆင်မှုတွေ လုပ်နေကြတယ်” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး မောတောင်လမ်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေကာ နယ်စပ် ကုန်သွယ်ရေး လမ်းပိုင်းဖြစ်သည့် တနင်္သာရီ – မောတောင် လမ်းအား ခရီးသွားလာဖြတ်သန်းခွင့် ပိတ်လိုက် ခြင်း ဖြစ်သည်။
ယခုနှစ် မေလအလယ်ပိုင်းတွင် ပြန်လည်ဖြတ်သန်းခွင့် ပေးလိုက်သော်လည်း သွားလာနေကြသည့် ခရီးသည် ကားနှင့် ကုန်ကားများ မရှိသေးကြောင်း မောတောင် အမှတ် ၉ ရပ်ကွက်သား တစ်ဦးက ဆိုသည်။
တနင်္သာရီ – မောတောင် ကားလမ်းကို စစ်ကောင်စီတပ်အပြင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်ကပါ ယခင်ကကဲ့သို့ နံနက် ၆ နာရီမှ ညနေ ၆ နာရီအချိန်ထိ နေ့ဘက်တွင် ဖွင့်လှစ်သွားလာခွင့် ပေးထားခြင်း ဖြစ်သည်။
ထိုသို့ လမ်းဖွင့်လိုက်သည့် နောက်ပိုင်းတွင် စစ်ရေးအရ နှစ်ဦးနှစ်ဘက် ထိပ်တိုက်ရင်ဆိုင်မှု မဖြစ်အောင် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့များမှ သတိထား စောင့်စည်းရကြကြောင်း ထီးဆဲ့မဲ့ရွာ တပ်ရင်း ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။
လက်ရှိ ကားလမ်းပိုင်း တလျောက်၌ စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြီးစိုး ထားပြီး ရုတ်တရက် တိုက်ပွဲဖြစ်လာနိုင်သည့် အခြေအနေ ဖြစ်နေသောကြောင့် တိုက်ပွဲများကြားတွင် ညှပ်၍ ပိတ်မိနိုင်သည့်အတွက် ခရီးသွားလာရန် အစီအစဥ် မရှိသေးကြောင်း ကုန်ကားမောင်းတစ်ဦးက ပြောသည်။
တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ၆ လတာ ကာလအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၀ ထက်မနည်း လုပ်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများကြောင့် သိန်ခွန်းကျေးရွာ အုပ်စုအတွင်း စစ်ရှောင်နေရသူပေါင်း သောင်းနှင့်ချီ၍ ရှိနေကြောင်း မြေပြင် သတင်းအရင်းအမြစ်များက ဆိုသည်။