ဖားကန့်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။
ကချင်ပြည်ရှိ မြန်မာနိုင်ငံ၏ အဓိက ကျောက်စိမ်းထွက်ရာ ဒေသဖြစ်သော ဖားကန့်မြို့နယ် တွင် စစ်ကော်မရှင် တပ်ဖွဲ့က ညမထွက်ရအမိန့် နှင့် လူငါးဦးထက် ပိုမစုရအမိန့် များကို ထပ်မံထုတ်ပြန်လိုက်ကြောင်း ဒေသခံများက ပြောသည်။
ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက “၁၄၄ မထုတ်တာတောင် ဖမ်းဆီးတာ၊ စစ်ဆေးတာ၊ ပစ်သတ်တာတွေက ဆက်တိုက်ဆိုတော့ အခုက ပိုဆိုးမှာပေါ့ဗျာနော်။ အခု ဒီလိုလိုက်တော့ ဥပဒေမဲ့လုပ်နေရာကနေ ဥပဒေအရ လုပ်တာဆိုပြီး အဖမ်းခံတာ၊ ပစ်သတ်ခံရတာ တွေ ပိုများလာမှာပေါ့ဗျာ” ဟု ပြောသည်။
ညရေးညတာ ကိစ္စများ ပေါ်လာပါက အခက်ကြုံနိုင်သည်ဟု လည်း ပြောသည်။
“ညဘက်တွေမှာ တိုက်ပွဲတွေ ရုတ်တရက် ဖြစ်လာရင်ပေါ့ လူနာတွေကို အရေးပေါ် အခြေအနေအရ ကယ်ဆယ်ရေးလုပ်ဖို့ ကူညီဖို့ ပိုခက်ခဲသွားမယ်။ သွားကယ်တဲ့လူကအစ အဖမ်းခံရတာမျိုး ပစ်သတ်ခံရတာမျိုး တွေ ဖြစ်လာမှာပေါ့နော်” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။
ဖားကန့်မြို့နယ် (အုပ်ချုပ်ရေးမှူး) က လက်မှတ်ရေးထိုးထားသော အဆိုပါ အမိန့်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ တွင် စတင် အသက်သွင်းခဲ့သည်။
အဆိုပါ ညမထွက်ရအမိန့် ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားသည်။
ယင်းအမိန့်သည် ဖားကန့်မြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ကြောင်းကို ပြသ နေသည်။
KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “သူတို့ကတော့ အခု ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ ရွေးကောက်ပွဲနယ်မြေတွေ၊ မဲဆွယ်နယ်မြေတွေ ပိုပြီးမှ တိုးချဲ့နိုင်ဖို့အတွက် လက်လွှတ်ဆုံးရှုံး ခဲ့တဲ့ စခန်းဟောင်းတွေ နေရာဟောင်းတွေ ပြန်ရနိုင်ဖို့အတွက် ကြိုးစားတဲ့ အနေနဲ့ အခုလိုမျိုး ၁၄၄ တွေ ချတာ နေမှာ။ တိုက်ပွဲကို မထိန်းနိုင်လို့ ပြည်သူလူထုဘက်ကို လှည့်ပြီးမှ အဲ့လိုမျိုး လုပ်တာပဲလို့ ကျနော်ကတော့ သုံးသပ်ပါတယ်” ဟု ပြောသည်။
ထို့အပြင် မြို့နယ်အတွင်းရှိ လမ်းမများ၊ လမ်းသွယ်များနှင့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် လူငါးဦး သို့မဟုတ် ငါးဦးထက် ပိုမို၍ စုဝေးခြင်းကို လုံးဝ မပြုလုပ်ရဟု ဆိုသည်။
စုဝေးခြင်း၊ ဟောပြောခြင်း၊ ဖျက်ဆီးခြင်းနှင့် ရုန်းရင်းဆန်ခတ်ပြုမူခြင်းမျိုး မှန်သမျှကိုလည်း တားမြစ်ထားသည်။
ထိုအမိန့်ကို မလိုက်နာပါက တည်ဆဲဥပဒေများ အရ အရေးယူခံရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ဗိုလ်မှူးကြီးနော်ဘူက “၁၄၄ ထုတ်တာပဲ ဖြစ်ဖြစ်၊ မထုတ်တာပဲ ဖြစ်ဖြစ် ပြည်သူလူထုကို ပစ်ခတ်တာတွေ၊ ဖမ်း ဆီးတာတွေ စစ်ဆေးတာတွေ အများကြီး လုပ်နေတာ။ ဒါပေမယ့် အဲ့ဒီ ၁၄၄ ထုတ်ပြီ ဆိုလို့ရှိရင်တော့ ပိုပြီးမှ သတိထားဖို့ လိုတာပေါ့နော်” ဟု ပြောသည်။
အမိန့်ထုတ်ပြန်ရခြင်း၏ တရားဝင်အကြောင်းပြချက်အဖြစ် စစ်ကော်မရှင်ဘက်မှ ဒေသတွင်း ရာဇဝတ်မှုများနှင့် လုယက်မှုများ များပြားလာခြင်းကြောင့် လုံခြုံရေးထိန်းသိမ်းရန်ဟု ဆိုသည်။
သို့သော် နိုင်ငံရေး လေ့လာသူများနှင့် ဒေသခံများ၏ သုံးသပ်ချက်မှာ မတူညီပေ။
ဖားကန့်မြို့နယ်သည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ပူးပေါင်း တပ်များ၏ ထိုးစစ်ဒဏ်ကို အပြင်းအထန် ခံနေရသောဒေသ ဖြစ်သည်။
စစ်ကော်မရှင်တပ်အနေဖြင့် စစ်ရေးဖိအားကြောင့် လုံခြုံရေးကို အပြင်းအထန် တင်းကျပ်နေရသည်ဟု သုံးသပ်မှု များ ရှိနေသည်။
နိုင်ငံရေးလေ့လာသူများက ဤအမိန့်သည် အရပ်သား ပြည်သူများ၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် နှင့် စစ်ကော်မရှင်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို ပိုမို လွယ်ကူစေရန် ရည်ရွယ်ပြီး ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဝေဖန်သုံးသပ်ထားသည်။
ဖားကန့်မြို့နယ်ရှိ ဒေသခံများမှာမူ ညမထွက်ရ အမိန့်ကြောင့် လုပ်ငန်းဆောင်တာများနှင့် လူမှုရေးကိစ္စရပ်များ တွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရနိုင်ပြီး လုံခြုံရေး အခြေအနေအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်ဟု ပြောသည်။
ဓါတ်ပုံ – Tarlin Mg