၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မာရီယာ ကိုရီနာ မာချာဒို (သို့မဟုတ်) ဗင်နီဇွဲလား၏ သံမဏိ မိန်းမသား 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။ 

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေး ဆု ပေးသင့်တယ်လို့ အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့ပေမယ့် နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီက ဗင်နီဇွဲလား နိုင်ငံက အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) ကို ရွေးချယ်ခဲ့ပါတယ်။ 

ဒါဟာ မာရီယာ ရဲ့ မဆုတ်မနစ်တဲ့ ဇွဲနဲ့ ငြိမ်းချမ်းတဲ့ အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်မှုကို ကမ္ဘာက အသိအမှတ် ပြုလိုက်တာလည်း ဖြစ်ပါတယ်။ 

သူ့အကြောင်း အကျဉ်းချုပ်လေးကို အခု ပြောပြသွားမှာ ဖြစ်ပါတယ်။ 

မာရီယာ ကိုရီနာ မာချာဒိုကို ၁၉၆၇ ခုနှစ်မှာ ဗင်နီဇွဲလားနိုင်ငံ၊ ကရာကက်စ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဒါကြောင့် သူဟာ အခုဆိုရင် အသက် ၅၈ နှစ် ရှိပြီ ဖြစ်ပါတယ်။ သူဟာ စက်မှုအင်ဂျင်နီယာဘွဲ့ ရရှိထားသူဖြစ်ပြီး အစောပိုင်း ကာလတွေမှာတော့ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ 

သူဟာ အတူတကွ ပူးပေါင်းပါဝင်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ Sumate လို့ခေါ်တဲ့ အရပ်ဘက် အဖွဲ့အစည်းကို ပူးတွဲ တည်ထောင်ချိန်ကစလို့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာခဲ့ပါတယ်။ 

မာရီယာဟာ ၂၀၁၁ ကနေ ၂၀၁၄ ခုနှစ်တွေအတွင်းမှာ‌တော့ အမျိုးသား လွှတ်တော် အမတ် ဖြစ်လာခဲ့ပါတယ်။ အဲဒီကာလမှာ ဆိုရှယ်လစ် အစိုးရရဲ့ မူဝါဒတွေကို ပြတ်ပြတ်သားသား ဝေဖန်သူအဖြစ် နာမည်ကြီးလာခဲ့ပါတယ်။  

သူဟာ လက်ရှိ  နီကိုလပ်စ် အစိုးရရဲ့ ဖိနှိပ်မှုတွေကို နှစ်ပေါင်းများစွာ ကြုံတွေ့ ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်ပါတယ်။ 

သူ့ရဲ့ ခရီးသွားလာခွင့်တွေကို အစိုးရက ပိတ်ပင်ခဲ့တယ်၊ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲခံခဲ့ရတယ်၊ ရွေးကောက်ပွဲ ပါဝင်ခွင့်ကိုလည်း ပိတ်ပင်ခံခဲ့ရပါတယ်။ 

ဒါပေမယ့် သူဟာ နိုင်ငံအတွင်းက ထွက်ခွာသွားခြင်း မရှိပဲ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှု၊ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရင်း ပြည်သူတွေရဲ့ တော်လှန်ရေး စိတ်ဓါတ်ကို မြှင့်တင်ပေးခဲ့သူ ဖြစ်ပါတယ်။ 

အောက်တိုဘာ ၁၀ ရက် သောကြာနေ့ကတော့ နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီက ၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်အဖြစ် မာရီယာ ကိုရီနာ မာချာဒိုကို ရွေးချယ်ကြောင်း ကြေညာခဲ့ပါတယ်။ 

နိုဘယ်လ်ကော်မတီက မာချာဒိုဟာ ဒီမိုကရေစီနည်းလမ်းတွေဟာ ငြိမ်းချမ်းရေးဖြစ်တယ် ဆိုတဲ့ အချက်ကို ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။ 

နိုင်ငံတကာမှာ ‘ဗင်နီဇွဲလားရဲ့ သံမဏိအမျိုးသမီး’ အဖြစ် တင်စားခံရတဲ့ မာချာဒိုဟာ နိုင်ငံရေးအရ အရေးပါတဲ့ ဒီမိုကရေစီစံနှုန်းတွေ၊ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး တို့ကို အမြဲတစေ ထောက်ခံပြောဆိုသူ တယောက်လည်း ဖြစ်ပါတယ်။