တနင်္သာရီ မြို့နယ်အတွင်း စစ်ကောင်စီတပ်ကို  ပကဖက ဒရုန်းဗုံးဖြင့် တိုက်ခိုက်

သတင်းနှင့် မီဒီယာကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်။ 

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာတွင် စစ်ကောင်စီ တပ်ဖွဲ့ကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟု ရွာသားများက ပြောသည်။

မြိတ် – တနင်္သာရီသွား ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဘန်းလမွတ်ကျေးရွာ လမ်းဆုံတွင် စစ်ကောင်စီတပ်ဖွဲ့က လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးနေ သည့်အချိန် ဧပြီလ ၂၂ ရက်နေ့၊ နံနက် ၉ နာရီခန့်က တိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်။

တနင်္သာရီမြို့နယ် – ပကဖ ဇုန် (၅) တောဗုံးကြီးတပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူက ဗုံးသီးချတဲ့အချိန်မှာ စစ် ကောင်စီရဲ့ စစ်ဆေးနေတဲ့  ဂိတ်ပေါ်ကို တည့်တည့်ကျသွားတယ်၊ ဒရုန်းကို သေနတ်တွေနဲ့ ဝိုင်းပစ်ကြသေးတယ်၊ မထိပါဘူး၊ စစ်ကောင်စီတပ်ဖွဲ့ရဲ့ထိခိုက်မှုတွေကို လည်းတွေ့ရတယ်၊ စစ်ကောင်စီဘက်က တန်ပြန်ပြီး ဒရုန်းနဲ့ လိုက်ဝဲပြီး ဗုံးသီးချဖို့ လုပ်နေတာကိုလည်း တွေ့ရတယ်ဟု ပြောသည်။

တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် – ပကဖ ဇုန် ၅ ၏ တောဗုံးကြီးတပ်ဖွဲ့မှ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ချပြီး တိုက်ခိုက်ခဲ့သည်ဟု  တိုက်ခိုက်ရာ ပါဝင်ခဲ့သူ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိနိုင်ပြီး အသေးစိတ်ကို အတည်ပြု သတင်းထုတ်ပြန် နိုင်ရန် အတွက် ကြိုးစားနေဆဲ ဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်မှုမရှိဘူးဟု ဆိုသည်။

မကြာသေးခင်ကလည်း ရမ်းဖိုကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ကို KNDO နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက သွားရောက်၍ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သေးသည်ဟု တောဗုံးကြီးတပ်ဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းကျေးရွာတွင် အိမ်အချို့မှ သစ်ပြားများကို ခွာယူပြီး စခန်းဆောက်သည့် နေရာများတွင် အသုံးပြုနေကြောင်း ပြောသည်။

ဇဝဲရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် – ၅၅၆ ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည့် ဘန်းလမွတ်ကျေးရွာ အုပ်စု အတွင်းရှိ လမ်းများတလျှောက်နှင့် ကျေးရွာများတွင် လမ်းကင်းများ အင်အား ရာနှင့်ချီ၍ ချထားကာ ဧပြီလ ၁၈ ရက်နေ့မှ စတင်ပြီး လမ်းသွားလမ်းလာများကို စစ်ဆေး‌လျက်ရှိနေ သည်ဟု  ရွာသားများက ပြော သည်။

ယခုကဲ့သို့ အင်အားတိုးချထားခြင်းမှာ စစ်ကောင်စီ၏ ရိက္ခာယာဉ်တန်း လုံခြုံရေးအတွက်လည်း ဖြစ်နိုင်ပြီး ပြည်ထောင်စု လမ်းပိုင်းကို စိုးမိုးမှုပြုလုပ်နိုင်ရန်ကိုလည်း ကြိုးစားနေခြင်း ဖြစ်နိုင်နေကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး က ဆိုသည်။

စစ်ကောင်စီဘက်က ပြည်သူများကို အကာအကွယ်ယူပြီး သွားလာခြင်း၊ စစ်ဆေးဖမ်းဆီးခြင်းများ လုပ်လာ နိုင်သဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ကြရန် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက အသိပေး တိုက်တွန်း ထားသည်။