တနင်္သာရီမြစ်ရေ စံချိန်တင်တက်၍ မြို့ပေါ်နှင့် ကျေးရွာ ၃၀ ကျော် ရေမြုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်။
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့တွင် အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေအမှတ် ထက် ရှစ်ပေနီးပါးအထိ မြင့်တက်လာခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာပေါင်း ၃၀ ကျော်ရှိ ဒေသခံ လူဦးရေ ၅,၀၀၀ နီးပါး အရေးပေါ် ရေဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
ဩဂုတ်လ ၁၈ ရက်နေ့မှစ၍ တဖြည်းဖြည်း မြင့်တက်လာသည့် တနင်္သာရီမြစ်ရေသည် ဩဂုတ်လကုန်ပိုင်းတွင် စိုးရိမ်ရေအမှတ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ် ၂၄ ပေတို့ကို ကျော်လွန်ကာ ၂၅ ပေ ၆ လက်မအထိ ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။
ရေကြီးရေလျှံမှုကြောင့် မြေနိမ့်ပိုင်းကျေးရွာများတွင် ရေအနက် ၆ ပေကျော်အထိ မြင့်တက်နေပြီး တစ်ထပ် နေအိမ်အများစုမှာ အိမ်ခေါင်းမိုးအထိ ရေနစ်မြုပ်နေခြင်း ဖြစ်သည်။
ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရသည့် ပဝရွာ ဒေသခံတစ်ဦးက “ဒီနှစ်က မိုးက တောက်လျှောက်ရွာနေတော့ ရေတက်တာ သာမန်ထက် အများကြီး ပိုမြန်တယ်။ တစ်ထပ်အိမ်ဆို ခေါင်းမိုးပဲ ပေါ်တော့တာဗျ။ နှစ်ထပ် အိမ် တွေတောင် အပေါ်ထပ်အထိ ရေဝင်လာလို့ အရေးပေါ် ရွှေ့နေကြရတယ်။ အစကတော့ စောင့်ကြည့် နေကြတာ အခုတော့ ပြောင်းတာတွေ များလာပြီ။ မိုးကလည်း ဆက်ရွာနေတုန်း မရသေးဘူးဗျ” ဟု ပြောသည်။
လက်ရှိတွင် တနင်္သာရီမြို့ပေါ်ရှိ ချောင်းကြီးနှင့် ချောင်းငယ် ရပ်ကွက်နှစ်ခုစလုံး ရေဝင်ရောက်နေပြီး မြို့၏ သုံးပုံတစ်ပုံခန့် ရေလွှမ်းမိုးခံထားရသည်။ ရေဘေးသင့်ပြည်သူများအတွက် မြို့တော်ခန်းမ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် ကုန်းမြင့်ပိုင်းရှိ လွတ်ကင်းသည့် နေရာများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားရ သည်။
မြို့ပေါ်ရပ်ကွက်များနှင့်အတူ တကူ၊ ပဝ၊ မော်တုန်း၊ သကျက်၊ ညောင်ပင်ကွင်း၊ ထုံမခါနှင့် ဆင်ခြေဖုံးကျေးရွာ အုပ်စုတို့ အပါအဝင် ကျေးရွာပေါင်း ၃၀ ကျော်မှ ပြည်သူထောင်ချီ ကုန်းမြင့်ပိုင်းသို့ ပြောင်းရွှေ့နေကြရပြီး အကူအညီများစွာ လိုအပ်နေသည်။
ဒေသခံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက “မြို့ပေါ်ရော ရွာတွေမှာပါ သောက်သုံးရေနဲ့ စားနပ် ရိက္ခာ တော်တော်လေး လိုအပ်နေတာပါ။ အထူးသဖြင့် နည်းနည်းလှမ်းတဲ့ ဝေးတဲ့ ရွာတွေဘက်ဆို ကူညီထောက် ပံ့ရေး အဖွဲ့တွေ လုံးဝ မရောက်သေးဘဲ ပိတ်မိနေတုန်းပဲ” ဟု ပြောသည်။
ထို့ပြင် မြိတ်-တနင်္သာရီ-ကော့သောင်း လမ်းပိုင်းရှိ တနင်္သာရီ-ကော့သောင်း လမ်းမပေါ်တွင် ရေအနက် ၄ ပေ ခန့်ရှိကာ ရေစီးကြမ်းနေသဖြင့် မော်တော်ယာဉ်များ သွားလာ၍မရဘဲ ခရီးသည်များ ပိတ်မိနေကြသည်။
တနင်္သာရီ-မြိတ် လမ်းပိုင်းရှိ အော်ကြီး၊ ဥယျာဉ်ကွင်းနှင့် လယ်တောင်ယာကျေးရွာ လမ်းမများတွင်လည်း ရေ ၁ ပေမှ ၂ ပေခန့်အထိ ရေကျော်နေသဖြင့် ကားကြီးအချို့သာ သွားလာနိုင်တော့ကြောင်း ဆိုသည်။
မြို့တွင်း သွားလာရေးအတွက် ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ အသုံးပြု၍ မရတော့ဘဲ လှေများကိုသာ အဓိက အားထားသွားလာနေရသည်။ မြို့ခံများက မြို့တွင်းရှိ ရေများကို ရေစုပ်စက်များဖြင့် အဆက်မပြတ် စုပ်ထုတ်နေ ကြသော်လည်း မိုးဆက်လက် ရွာသွန်းနေဆဲဖြစ်သဖြင့် မြစ်ရေမှာ ဆက်လက်တိုးနေသည့် အခြေအနေတွင် ရှိနေသည်။
ဓါတ်ပုံ – (Tanintharyi Red Cross Branch / Nay Lin Htet)