တနင်္လာရီ မြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ ဒရုန်းနှင့် အတိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်။
မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ဘန်းလမွတ်ကျေးရွာအုပ်စု အနီးတွင် လမ်းကင်းချထားသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးသွားသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က စစ်ကောင်စီတပ်၏ လမ်းကင်းအဖွဲ့အား ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ တစ်ဦး သေဆုံးသွားသည်ဟု တနင်္သာရီမြို့နယ်၊ ပကဖ ဇုန် ၅ တောဗုံးကြီးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သေဆုံးသွားတဲ့ သူရဲ့ အလောင်းကို ဇဝဲရွာ အခြေစိုက်တဲ့ ၅၅၆ တပ်ရင်းကို ယူသွားတယ်၊ တိုက်ခိုက်မှုပြီးတဲ့ အချိန်မှာပဲ မော်တုန်းအမြောက်တပ် ၃၀၆ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်တာမျိုးရှိတယ်၊ ထိခိုက်မှုတော့ မရှိပါဘူး။”
မေလ ၂၀ ရက်နေ့၊ မွန်းလွဲ ၁ နာရီနှင့် ညနေ ၄ နာရီခန့်တွင် ဘန်းလမွတ်ကျေးရွာမှ စစ်ကောင်စီ၏ လမ်းကင်း အဖွဲ့များကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မွန်းလွဲ ၁ နာရီက တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီဘက်မှ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညနေ ၄ နာရီအချိန် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား တစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း တိုက်ခိုက်ရာ
တွင် ပါဝင်ခဲ့သူ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
တိုက်ခိုက်မှုအတွင်းနှင့် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း တောဗုံးကြီးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီဘက်မှ ဘန်းလမွတ်ကျေးရွာ အလယ်ပိုင်းကို မေလ ၂၀ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်ခန့်က သေနတ်များ ပစ်ဖောက် ဝင်ရောက်လာခဲ့သောကြောင့် ဘန်းလမွတ်ကျေးရွာသားများ ထွက်ပြေးခဲ့ကြရသေး သည်ဟု ရွာသားများက ဆိုသည်။
ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာခါနီး အချိန်တွင် ဘန်းလမွတ် ကျေးရွာသား အသက် ၂၂ နှစ်အရွယ် ကိုခိုင်ဇော်ဟိန်း ဆိုသူကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆိုင်ကယ်ကိုပါ သိမ်းယူသွားသည်။
ယခုတိုက်ခိုက်ခံရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ မေလ ၂၀ ရက်နေ့၊ နံနက် ၃ နာရီအချိန်ခန့်က ဘန်းလမွတ် ကျေးရွာ အတွင်းသို့ အင်အား ၄၀ ခန့်ဖြင့် လမ်းကင်းချထားခဲ့သူများ ဖြစ်သည်ဟု ရွာသားများက ဆိုသည်။
ဘန်းလမွတ်ကျေးရွာ၏ လမ်းဆုံတွင် လမ်းကင်းချထားသော စစ်ကောင်စီတပ်ဖွဲ့က ခရီးသွားလာနေကြသည့် ဆိုင်ကယ်များကို စစ်ဆေးခြင်းများ လုပ်နေသည်ဟု ရွာသားများက ဆိုသည်။