လူထု တောင်းဆိုမှုကြောင့် ပြန်လွှတ်ခဲခြင်းဖြစ်ကြောင်း ပရာဒေါင်း ခေါင်းဆောင်ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်။ 

ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းမှု၊ ဝိုင်းဝန်း အားပေးထောက်ခံမှု၊ တောင်းဆိုမှုများကြောင့် ပရာဒေါင်း ဆွေမျိုးစု ခေါင်းဆောင် ၄ ဦး ပြန်လွတ်လာခြင်း ဖြစ်သည်ဟု ပြန်လွှတ်လာသူများက ပြောသည်။

လေးပွင့်ကြယ် ကုမ္ပဏီက လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသည့် ပရာဒေါင်း ဆွေမျိုးစု ခေါင်းဆောင် ၄ ဦး မေလ ၂၀ ရက်နေ့က ပြန်လွှတ်လာခဲ့သည်။

ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရသည့် ပရာဒေါင်းလူငယ် အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင် က ကျနော်တို့ လွတ်လာတာ ကတော့ ညှိနှိုင်းသဘောတူညီမှုတွေ ရပြီးမှ လွတ်လာတာမျိုးကတော့ အဓိက မဟုတ်ဘူးပေါ့နော်။ ကျနော်တို့ လွှတ်လာရတဲ့ အဓိက အကြောင်းအရင်းက ပြည်သူလူထု တစ်ရပ်လုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဝိုင်းဝန်း ထောက်ခံမှုတွေ အားပေးမှုတွေ၊ ဆုတောင်းမေတ္တာတွေပေါ့နော်။ မေတ္တာစေတနာ မှန်တွေကြောင့် ကျနော်တို့ ပြန်လည် လွတ်မြောက်လာတယ်လို့ ကျနော်ပြောချင်ပါတယ်” ဟု ပြောသည်။

၎င်းတို့ ၄ ဦး ပြန်လွှတ်လာရခြင်းမှာ တစ်စုံတစ်ရာ ညှိနှိုင်းသဘောတူညီမှု ရရှိခြင်းမျိုးကြောင့် မဟုတ်ဘဲ ပြည်သူ တစ်ရပ်လုံး၏ တောင်းဆို ထောက်ခံမှုများ ကြောင့် ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့ ၄ ဦးကို ဒေသခံ ပြည်သူလူထုက ရိုးရာဗုံပလွေများ တီးမှုတ်ကာ ရိုရားဆေးကြော သန့်စင်နည်းဖြင့် သန့်စင်ပေးပြီး ကြိုဆိုခဲ့ကြသည်။

ပရာဒေါင်း ဆွေမျိုးစု ဒေသခံများ၏ ကြိုးစားအားထုတ်မှု သာမက ကယန်းလူထုတစ်ရပ်လုံးနှင့် တရားမျှတမှုကို လေးစား အလေးထားပြီး တောင်းဆိုခဲ့ကြခြင်းကြောင့် ကောင်းမွန်စွာ ပြန်လည်လွှတ်မြောက်လာခြင်းဖြစ်သည် ဟု ဆိုသည်။

ပရာဒေါင်း ဆွေမျိုးစုခေါင်းဆောင် ၄ ဦး ဖမ်းဆီးခံရချိန်၌လေးပွင့်ကြယ် ကုမ္ပဏီ၏ လုံခြုံရေးကင်းတပ် ရဲဘော်များက လက်နက်ဖြင့် ခြိမ်းခြောက်ခဲ့သည့် အခြေအနေကိုလည်း ခွန်းခိုင်မင်းနိုင်က ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ကို လက်ထိပ်နဲ့ ခတ်ပြီးတော့မှ ဖမ်းဆီးတယ်ပေါ့နော်။ ဖမ်းဆီးတဲ့ အချိန်ဆိုလည်း အေးအေးဆေး ဆေး ပြေလည်အောင် ညှိနှိုင်းပြီးမှ ပြောတာ မဟုတ်ဘဲနဲ့ ရုတ်တရက်ကြီး ကျနော်တို့ကို လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ရဲဘော်တွေ (အဓိကကတော့ လေးပွင့်ကြယ် ကုမ္ပဏီရဲ့လုံခြုံရေးတပ်ဖွဲ့လို့ ကျနော် ဆိုလိုချင် တာပေါ့နော်) သူတို့က ကျနော်တို့ကို အတင်းအကြပ် လက်နက်နဲ့ ဖိအားပေးပြီးတော့မှ ဖမ်းဆီး ချုပ်နှောင်ထား တဲ့ဟာမျိုး အဲ့လိုကြုံရတယ်ပေါ့နော်။ လက်နက်နဲ့ ကျနော်တို့ကို ခြိမ်းခြောက်ပြီးတော့ ဖမ်းဆီးချုပ်နှောင်တာ တွေ ဖြစ်တယ်ပေါ့နော်။”

ဖယ်ခုံမြို့နယ်၊ ကယန်းဒေသ၊ သိကျိတ်ကျေးရွာအုပ်စုရှိ မြင်းမထိတောင်တွင် လေးပွင့်ကြယ်ကုမ္ပဏီမှ ခဲသတ္တု တူးဖော်မှု လုံးဝရပ်တန့်စေရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြန်လည် လွှတ်မြောက်လာသူများက ပြောသည်။

၎င်းတို့အနေဖြင့် ဒေသတွင်း ခဲသတ္ထုတူးဖော်နေမှု ရပ်တန့်သွားရေး ပရာဒေါင်း ဆွေမျိုးစုနှင့်အတူ ဒေသတွင်းရှိ ဆွေမျိုးစု တိုင်းရင်းသား အားလုံးပါဝင်မှုဖြင့် ဆက်လက် ကြိုးစားသွားမည်ဟု ခွန်းခိုင်မင်းနိုင်က ဆက်ပြောသည်။

ပရာဒေါင်းဆွေမျိုးစု တစ်ခုတည်း မဟုတ်ဘဲနဲ့ ကျနော်တို့ ဒေသမှာရှိတဲ့ ညီအစ်ကို မိသားစုတွေ ဆွေမျိုးစုတွေ မျိုးနွယ်စုတွေ အားလုံးရဲ့ ဝိုင်းဝန်းကူညီပံ့ပိုးမှုတွေ ကြိုးစားအားထုတ်မှုတွေပဲ ဖြစ်တယ်လို့ ကျနော်မြင်တယ်။ ဆိုတော့ မြင်းမထိမှာ ခဲသတ္တုတူးဖော်တာနဲ့ ပတ်သက်ပြီးတော့မှ လေးပွင့်ကြယ် ကုမ္ပဏီအနေနဲ့ ရပ်မှာလား မရပ်ဘူးလား ဆိုတာတော့ ပြည်သူ အားလုံးကပဲ အဖြေပေးလိမ့်မယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။”

လာမည့် မေလ ၂၆ ရက်နေ့တွင် သိကျိတ်ကျေးရွာ အုပ်စုရှိ မြင်းမထိတောင်တွင် လေးပွင့်ကြယ် ကုမ္ပဏီမှ ခဲသတ္တု တူးဖော်မှုကိစ္စနှင့် ပတ်သက်၍ အပြီးသတ် ဖြေရှင်းနိုင်ရန် လေးပွင့်ကြယ်ကုမ္ပဏီ၊ ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီနှင့် ပရာဒေါင်းဆွေမျိုးစုတို့မှ ကယန်းပြည်သစ်ပါတီ ဗဟိုရုံးချုပ်၌ ဆက်လက် ညှိနှိုင်း ဆွေးနွေး သွားမည်ဟု ဆိုသည်။

လေးပွင့်ကြယ်ကုမ္ပဏီ လုံခြုံရေးတပ်ဖွဲ့မှ ပရာဒေါင်းဆွေမျိုးစု ဥက္ကဋ္ဌ ခွန်းအောင်နိုင်စိုး၊ ဒု-ဥက္ကဋ္ဌ ဦးဘမောင်၊ ပရာဒေါင်း ဆွေမျိုးစု လူငယ် အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင်နှင့် နာယက ဦးအားဒို တို့ကို မေလ ၁၆ ရက်နေ့က ဦးရွှေအေး နေအိမ်တွင် လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် ၅ ရက်အကြာတွင် ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင် ၄ ဦး ပြန်လည် လွှတ်မြောက်လာခဲ့ သည်။