ဖမ်းဆီးထားသည့် ဆန္ဒပြ ခေါင်းဆောင်များ ပြန်လွှတ်ပေးရန် ဒေသခံ လူထု တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်။
သတ္တု တူးဖော်မှုကို ဆန့်ကျင်သည့် လူထု ခေါင်းဆောင် လေးဦးကို ကယန်းပြည်သစ်ပါတီ ဥက္ကဌပိုင် ကုမ္ပဏီမှ ဖမ်းဆီး သွားသည့်အပေါ် ပြန်လွှတ်ပေးရန် ဖယ်ခုံမြို့နယ်ရှိ ကယန်း လူထုက တောင်းဆိုနေသည်။
သတ္တုတူးဖော်မှုကို ဆန့်ကျင်သည့် ဖမ်းဆီးခံ ပရာဒေါင်း ဆွေမျိုးစု ခေါင်းဆောင် ၄ ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် ပရာဒေါင်း လူငယ်များနှင့် ကယန်းအရပ်ဘက်အဖွဲ့အစည်းများမှ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ဖယ်ခုံမြို့နယ်၊ ကယန်းဒေသ၊ သိကျိတ်ကျေးရွာအုပ်စုရှိ မြင်းမထိတောင်တွင် အကြီးစား ခဲသတ္တု တူးဖော်ရေး လုပ်ငန်း လုပ်ဆောင်နေသည့် လေးပွင့်ကြယ် ကုမ္ပဏီ၏ ဒါရိုက်တာ ကယန်းပြည်သစ်ပါတီ ဥက္ကဌ၏ သားဖြစ်သူ ဦးဒါးဝီနှင့် အဖွဲ့မှ ပရာဒေါင်းမျိုးနွယ်စု ခေါင်းဆောင် ၄ ဦးအား မေလ ၁၆ ရက်နေ့တွင် ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသည့် ပရာဒေါင်းမျိုးနွယ်စု ဥက္ကဋ္ဌ၏ ညီဖြစ်သူက “ကျနော်တို့ဆွေမျိုးစုကိုအလေးမထား၊ပြည်သူလူ ထုကို အလေးအမထား ခေါင်းဆောင်ကို ဖမ်းသွားတာတော့စော်ကားတာပဲ။ လက်ထိပ်ပါလာတယ်လက်နက်ပါ တယ်၊အဲ့ဒါအာဏာနဲ့ ထိန်းချုပ်တာပဲ။ ခေါ်သွားမယ်ဆိုလည်း အေးဆေးဆွေးနွေးပြီး ခေါ်သွားပါ ရပါတယ်။ အခု က လက်ထိပ်ခတ်ပြီး ခေါ်သွားတာတော့ ဆွေးနွေး တိုင်ပင်မူနဲ့မတူဘဲအတင်းအဓမ္မ ခေါ်သွားတဲ့ပုံစံမျိုးလည်း သက်ရောက်ပါတယ်” ဟု ပြောသည်။
သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့် အကြီးစား ခဲသတ္တု တူး ဖော်ရေးကို ဒေသခံများ၏ သဘောတူညီမှု မရှိဘဲ ဖော်ဆောင်နေသည့် လေးပွင့်ကြယ် ကုမ္ပဏီကို ဒေသခံ ပရာဒေါင်း မျိုးနွယ်စု ဆန္ဒထုတ်ဖော်ရန် ဦးဆောင်ကြသည့် ဥက္ကဋ္ဌ ခွန်းအောင်နိုင်စိုး၊ ဒု-ဥက္ကဋ္ဌ ဦးဘမောင်၊ လူငယ် အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင် နှင့် နာယက ဦးအားဒို တို့ကို မေလ ၁၆ ရက်နေ့တွင် ကုမ္ပဏီ၏ ဒါရိုက်တာ ဦးဒါးဝီ နှင့် အဖွဲ့မှ ဖမ်းဆီးသွားခြင်း ဖြစ်သည်။
ပရာဒေါင်း မျိုးနွယ်စုဒေသ၊ လေးပွင့်ကြယ် ကုမ္ပဏီနှင့် တရုတ်မာစတာဝမ် ကုမ္ပဏီတို့ ပူးပေါင်း၍ ဒေသခံ ပြည်သူ လူထုနှင့် ဦးစွာ ညှိနှိုင်းမှုမလုပ်ဘဲ အကြီးစား ခဲသတ္ထု တူးဖော်ခြင်းကြောင့် ဒေသခံလူငယ်များနှင့် လူထုများက မေလ ၁ ရက်နေ့မှ စတင်၍ မေလ ၁၆ ရက်နေ့အထိ သိကျိတ်ကျေးရွာအတွင်း ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ပရာဒေါင်းလူငယ် အမျိုးသမီးတစ်ဦးက “သိကျိတ်ကို ဆင်းလာတာကတော့ ဒါးဝီနဲ့ သူ့ရဲဘော်တွေ ပါတယ် ပေါ့နော်။ အင်အားတော့ မခန့်မှန်း တတ်ဘူးပေါ့နော်။ ဖမ်းခေါ်သွားတဲ့အချိန်မှာကြတော့ သူတို့ကယန်းပြည်သစ် အင်အားကို သုံးတယ် ပေါ့နော်။ ဒါပေမဲ့ ကယန်းပြည်သစ် ပါတီ ဗဟိုကော်မတီ အကုန်လုံးက ဒီကိစ္စကို မသိ ဘူး။ တစ်ခုပဲပေါ့နော် ကယန်းပြည်သစ် ဥက္ကဋ္ဌကင်းတပ်က ရှိတဲ့ရဲဘော်တွေကပဲ သူ့တို့ဟာသူတို့ သွားခေါ် လာ ကြတာ ဖြစ်တယ်ပေါ့နော်” ဟု ပြောသည်။
အဆိုပါ ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင် ၄ ဦးအား သိကျိတ်ကျေးရွာရှိ ကယန်းအမျိုးသား ခေါင်းဆောင်ကြီး ငိန်းကယန်းထန် (ခ) ဦးရွှေအေး နေအိမ်တွင် တွေ့ဆုံညှိနှိုင်းရန် အကြောင်းပြချက်ဖြင့် ခေါ်ယူပြီး လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ပရာဒေါင်းလူငယ် အမျိုးသမီးက ဆက်ပြောသည်။
“ခေါ်သွားတဲ့ အချိန်ကတော့ ၁၂ နာရီဝန်းကျင်လောက်မှာ ၄ ယောက်လုံးကို တစ်ခါတည်းခေါ်သွားတယ်။ ဒါပေမဲ့ အဓိက ကိုအောင်နိုင်စိုးနဲ့ ခိုင်းမင်းနိုင် ကိုကြတော့ လက်ထိပ်တစ်ဖက်ချင်းစီကို ခတ်ပြီးခေါ်သွားတယ်ပေါ့နော်။ ဒါကတော့ လူငယ်တစ်ယောက် ကိုယ်တိုင်တွေ့တယ်။ သူတို့ခေါ်သွားတဲ့ အချိန်ကတော့ လူငယ်တွေက သပိတ် ဆန္ဒပြနေတဲ့ အချိန်ဖြစ်တယ်။အခြားနေရာမှာရှိနေတဲ့ အချိန်ဖြစ်တယ်။ ဆိုတော့ အဲ့ဒီအချိန်ကို သူတို့ အခွင့် အရေး ယူပြီးတော့မှ ခေါ်သွားတယ်ပေါ့နော်။ ကယန်းပြည်သစ်ရဲ့ ရုံးပဲပေါ့နော် ဦးရွှေအေးရဲ့ နေအိမ်ဟောင်းမှာ သူတို့ခေါ်လာပြီး ညှိနှိုင်းမယ် သူတို့ ပြောတယ်။ ဒါပေမဲ့ အဲ့မှာပဲ သူတို့ ဖမ်းခေါ်သွားတယ်ပေါ့နော်။”
ဖမ်းဆီးသွားသည့် ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင် ၄ ဦးအား တစ်စုံတစ်ရာ ထိခိုက်အောင် မလုပ်ဘဲ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည်။
ပရာဒေါင်းဆွေမျိုးစု ဥက္ကဋ္ဌ၏ ညီဖြစ်သူက “ဖမ်းဆီးထားတဲ့လူတွေကိုဘာမှမလုပ်ဘဲနဲ့ပြန်လွှတ်လာပေးဖို့တောင်းခံချင်ပါတယ်။ တစ်ခုခုသာဖြစ်ရင်လူထုလည်းလက်တုန့်ပြန်မယ့်အနေအထားရှိတယ်။ အခုလက်ရှိမှာမိဘတွေလည်းသားတွေအတွက်စိုးရိမ် စိတ်ပူနေကြ သလိုသားသမီးတွေလည်းအဖေတွေ အတွက်စိုးရိမ်ကြ တယ်။ ဒီကိစ္စကိုပြေပြေလည်လည်နဲ့အကောင်းဆုံးပြန်ခေါ်လာပေးဖို့မေတ္တာရပ်ခံပါတယ်” ဟု ပြောသည်။
ပရာဒေါင်းဆွေမျိုးစုမှာ ကယန်းမျိုးနွယ်ထဲက ဖြစ်ပြီး ဖယ်ခုံမြို့နယ်၊ ကယန်းဒေသထဲက သိကျိတ်အုပ်စုအတွင်း၌ အများဆုံး နေထိုင်ကြသည်။
ထို့သို့ ဖမ်းဆီးမှုသည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး အရပ်သား ပြည်သူများ၏ လုံခြုံရေးအတွက် ကြီးမား သော ခြိမ်းခြောက်မှုကို ဖြစ်စေသည့်အပြင် လူ့ဂုဏ်သိက္ခာနှင့် ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်သည်ဟု ကယန်း မျိုးဆက်သစ်လူငယ် (KNGY) နှင့် ကယန်းအမျိုးသမီး အစည်းအရုံး (KyWO) တို့က ဆိုသည်။
ထို့အတူ ဖမ်းဆီးခံရသူများအား မည်သို့သောမ ထိခိုက်မှုမျိုးမှ မရှိစေဘဲ အမြန်ဆုံး ပြန်လည်လွတ်ပေးရန်၊ အပြုသဘော ဆောင်သည့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုကို အလေးထား လုပ်ဆောင်ရန်၊ ဒေသခံလူထုများ၏ အသံနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်ပေးရန်နှင့် အာဏာရှင်ဆန်သော၊ လူ့အခွင့်အရေး နှင့် ဆန်ကျင်သော မည်သည့်လုပ်ရပ်ကိုမှ လက်ခံမည် မဟုတ်ကြောင်း KNGY နှင့် KyWO တို့က ဆိုသည်။