ဆန္ဒပြ ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင်များကိစ္စ ကယန်း ပါတီ ဗဟိုကော်မတီနှင့် ဆွေးနွေးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။ဋ္
၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်။ 

လေးပွင့်ကြယ် ကုမ္ပဏီက ဖမ်းဆီးသွားသည့် ပရာဒေါင်း ဆွေမျိုးစု ခေါင်းဆောင်များ သတ်မှတ်ချိန်တွင် ပြန်မ လွတ်လာသည့်အတွက် ကယန်းပြည်သစ် ဗဟိုကော်မတီ ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံမည်ဟု ပရာဒေါင်း မျိုးနွယ်စု လူငယ် များက ပြောသည်။

ပရာဒေါင်းမျိုးနွယ်စု လူငယ်တစ်ဦးက“ကျနော်တို့တောင်းဆိုထားတာကို သူတို့က ဘာထုတ်ပြန်စာမှမရောက် လာသေးဘူး။ တကယ်လို့ ကျနော်တို့လူ ပြန်မလာသေးဘူးဆိုရင် ကျနော်တို့ ဗဟိုကော်မတီထိ တက်ပြီးတော့ ဗဟိုကော်မတီ ကလူတွေနဲ့ ကျနော်တို့ ပရာဒေါင်းလူငယ်တွေ သွားရောက် တွေ့ဆုံဖို့လုပ်ဆောင် နေပါတယ်” ဟု ပြောသည်။

လေးပွင့်ကြယ်ကုမ္ပဏီ လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဆွေမျိုးစုခေါင်းဆောင်များကို မေလ ၁၉ ရက်နေ့ ညနေ (၄) နာရီ နောက်ဆုံးထား၍ အမြန်ဆုံးပြန်လွှတ်ပေးပါရန် ပရာဒေါင်းဆွေမျိုးစုက တောင်း ဆိုထားခဲ့သော်လည်း မေလ ၁၉ ရက်နေ့၊ ည (၈) နာရီအထိ ပြန်မလွှတ်ပေးသေးဘဲ ဆက်လက် ဖမ်းဆီးထားသည်ဟု ဆိုသည်။

ပရာဒေါင်းဆွေမျိုးစု ဥက္ကဋ္ဌ ခွန်းအောင်နိုင်စိုး၊ ဒု-ဥက္ကဋ္ဌ ဦးဘမောင်၊ ပရာဒေါင်း ဆွေမျိုးစု လူငယ် အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင်နှင့် နာယက ဦးအားဒို တို့ကို မေလ ၁၆ ရက်နေ့က သိကျိတ်ကျေးရွာ၊ ငိန်းကယန်းထန် (ခ) ဦးရွှေအေး နေအိမ်တွင် လေးပွင့်ကြယ်ကုမ္ပဏီ လုံခြုံရေးတပ်ဖွဲ့မှ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိအချိန်ထိ ဖမ်းဆီးခေါ်ဆောင်သွားသော ဆွေမျိုးစုခေါင်းဆောင်များနှင့် အဆက်အသွယ်၊ အခြေအနေ တစုံတရာ မရရှိသေးကြောင်း ပရာဒေါင်းမျိုးနွယ်စု လူငယ်က ယခုကဲ့သို့ ဆက်ပြောသည်။

 “ဖမ်းဆီးခံရတဲ့ လူလေးဦးရဲ့ အ‌ခြေအနေတော့ ကျနော်မသိဘူးပေါ့နော်။ သူတို့လည်း‌ အခြေအနေ ဘယ်လိုရှိလဲ ဆိုတာလည်း ကျနော်တို့ကို အသိ မပေးတာလည်း ပါတယ်ဗျာ။”  

ဖမ်းဆီးခေါ်ဆောင်ခံရသော ဆွေမျိုးစုခေါင်းဆောင်များနှင့် လေးပွင့်ကြယ်ကုမ္ပဏီမှ တာဝန်ရှိသူတို့၏ တံခါးပိတ် ဆွေးနွေးညှိနှိုင်းမှုများမှ သဘောတူညီချက်များကို ကျန်ရှိနေသေးသော ဗဟိုကော်မတီဝင်၊ ဒေသခံ ပြည်သူလူထု များနှင့် သပိတ်ဦးဆောင်ကော်မတီမှ လုံးဝအသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် တစ်စုံတစ်ရာ ဆွေးနွေးညှိနှိုင်း မှု ပြုလုပ်လိုပါက ဖမ်းဆီးထားသော ဆွေမျိုးစုခေါင်းဆောင်များကို သတ်မှတ်ထားသည့် အချိန်အတွင်း ပြန်လွှတ် ပေးရန် ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီမှ မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

ဆွေမျိုးစုခေါင်းဆောင်များကို ဖမ်းဆီးခေါ်ဆောင်သွားမှုသည် ပရာဒေါင်းဆွေမျိုးစုနှင့် ဒေသခံ ပြည်သူလူထု၏ သဘောထားကို လျစ်လျူရှုရာ သက်ရောက်သည့်အပြင် ကယန်း ပြည်သူလူထုကို ခြိမ်းခြောက်သည့် လုပ်ရပ် ဖြစ်သည့်အတွက် ပြင်းပြင်းထန်ထန် ရှုံ့ချသည်ဟု ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီက ဆိုသည်။

လေးပွင့်ကြယ် ကုမ္ပဏီအနေဖြင့် တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိသော တံခါးဖွင့် ဆွေးနွေးညှိနှိုင်းမှုကိုသာ ဖော်ဆောင်ပေးရန်၊ ဒေသခံ ပြည်သူလူထု၏ ဆန္ဒသဘောထားကို လေးစားလိုက်နာရန်နှင့် သက်ဆိုင်ရာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများကို အမြန်ဆုံး ပွင့်လင်းမြင်သာမှုဖြင့် ဖြေရှင်း ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

အထက်ပါ တောင်းဆိုချက်များကို လေးပွင့်ကြယ် ကုမ္ပဏီအနေဖြင့် လေးစားလိုက်နာခြင်း မရှိပါက နောက်ဆက် တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက် ကိစ္စအဝဝကို ပရာဒေါင်း ဆွေမျိုးစု ဗဟိုကော်မတီမှ တာဝန်ခံမည် မဟုတ် ကြောင်းကို သဘောထား ထုတ်ပြန်ထားသည်။