ဖမ်းဆီးခံထားရသည့် ပရာဒေါင်းခေါင်းဆောင် ၄ ဦး ပြန်လွှတ်ပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်။
လေးပွင့်ကြယ် ကုမ္ပဏီ လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပရာဒေါင်း ခေါင်းဆောင် ၄ ဦး ပြန်လွှတ်လာသည်။
မေလ ၂၀ ရက်နေ့(ယနေ့) နေ့လယ် ၂ နာရီ အချိန်တွင် ပြန်လွတ်လာသည်ဟု ဒေသခံများက ပြောသည်။
ပရာဒေါင်းဆွေမျိုးစု ဥက္ကဋ္ဌ ခွန်းအောင်နိုင်စိုး၊ ဒု-ဥက္ကဋ္ဌ ဦးဘမောင်၊ ပရာဒေါင်း ဆွေမျိုးစု လူငယ် အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင်နှင့် နာယက ဦးအားဒို တို့ကို မေလ ၁၆ ရက်နေ့က သိကျိတ်ကျေးရွာ၊ ငိန်းကယန်းထန် (ခ) ဦးရွှေအေး နေအိမ်တွင် လေးပွင့်ကြယ်ကုမ္ပဏီ လုံခြုံရေးတပ်ဖွဲ့မှ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် ပရာဒေါင်းဆွေမျိုးစုနှင့် ဒေသခံများက ပြန်လွှတ်ပေးရန် တောင်းဆိုမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် မေလ ၂၀ ရက်နေ့ (ယနေ့)တွင် ပြန်လွှတ်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပရာဒေါင်း ခေါင်းဆောင် ၄ ဦးသည် ပရာဒေါင်း မျိုးနွယ်စုဒေသ၊ မြင်းမထိတောင်တွင် လေးပွင့်ကြယ် ကုမ္ပဏီနှင့် တရုတ်မာစတာဝမ် ကုမ္ပဏီတို့ အကြီးစား သတ္တုတူးဖော်မှုကို ရပ်တန့်ရန် ဦးဆောင်ပြီး ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ရာမှ ဖမ်းဆီးခြင်းခံရခြင်းဖြစ်သည်။
အသေးစိတ်ကို မကြာမှီ ဆက်ပြီးတင်ပေးသွားမည်။
Photo – Khun Thein Oo