ရပ်ထားသည့် ကားပေါ် လက်နက်ကြီးကျ၊ တစ်ဦးသေ နှစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်။ 

လောင်းလုံးမြို့နယ်အတွင်း ရပ်ထားသည့် ကားပေါ်သို့ လက်နက်ကြီးကျပြီး တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အင်းဝန်းကျေးရွာတွင် ရပ်ထားသည့်ကားပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိသွား သည်ဟု ရွာသားများက ပြောသည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက သုံးယောက်ထိတဲ့ အထဲမှာ ကိုဗဒင်က လည်ပင်းမှာ ထိသွားတာ ကြောင့် ဆေးရုံကို ပို့တာ လမ်းတစ်လျောက်လုံး သတိမရဘူး။ ရောက်တာနဲ့ ဆုံးသွားတယ်၊ ပစ်တဲ့နေရာကတော့ သေသေချာချာ မသိပါဘူး၊ ဒရုန်းနဲ့လည်း ဗုံးကြဲသေးတယ်၊ တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့ ကြဲတာရော ပစ်တာ ရောပဲ ဟု ပြောသည်။

မေလ ၁၆ ရက်နေ့ (ယနေ့) မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်က အင်းဝန်းကျေးရွာထိပ်ရှိ အလူမီနီယံ အလုပ်ရုံရှေ့၌ ရပ်ထားသည့် Vego (ဗွီဂို) ကားပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အလူမီနီယံ အလုပ်ရုံအနီး ကွမ်းယာ ရောင်းနေသူ အင်းဝန်း ရွာသား ကိုနိုင်စိုး၊ ကွမ်းယာဝယ်နေသူ သာယာကုန်းရွာသား ကိုဗဒင်နှင့် သောကြာပြင်ရွာသား အမျိုးသား တစ်ဦး စုစုပေါင်း သုံးဦး ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် ကိုဗဒင် ဆိုသူမှာ ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးသွားသည်ဟု အင်းဝန်းရွာသားများက ပြောသည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို  မည်သည့်နေရာမှ ပစ်ခတ်ခဲ့သည်ကို တိတိကျကျ မသိရှိရသော်လည်း အင်းဝန်းကျေးရွာ၏ အနောက်ဖက် ၃ ကီလိုမီတာခန့် အကွာ သဲပုံကျေးရွာရှိ အင်းဝတောင်ပေါ်တွင် စစ်ကောင်စီတပ် ရှိနေပြီး ထားဝယ်မြစ်၏ တစ်ဖက်ကမ်း၌လည်း စစ်ကောင်စီတပ် ရှိနေကြောင်း ရွာသားများက ဆိုသည်။

အလားတူ ထားဝယ်မြို့က နယ်စပ်ရေးရာ ဝန်ကြီးဌာနလက်အောက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန၏ ရုံးဖြစ်သည့် နတလရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းများ လုပ်နေပြီး ဒရုန်းဖြင့်လည်း ဗုံးချခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းကလည်း သဲပုံတောင်ပေါ်ရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ခြင်းကြောင့် သာယာကုန်း ရွာသားတစ်ဦး သေဆုံးခဲ့ဖူးသေးသည်။