လွတ်ငြိမ်း အမိန့်တွင် မြိတ်၊ ထားဝယ် ထောင်မှ နိုင်ကျဉ်းများ မပါ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။ 

လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် တနင်္သာရီတိုင်း မြိတ်နှင့် ထားဝယ်အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူ ၇၀ နီးပါး ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိခဲ့ပေ။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် စစ်ကော်မရှင်က နိုင်ငံတစ်ဝန်းရှိ အကျဉ်းသား၊ အကျဉ်းသူ ၆,၁၃၄ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၅၂ ဦးတို့ကို လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့လွှတ်ပေးရာတွင် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား ၃၂ ဦး၊ အကျဉ်းသူ ၆ ဦး (စုစုပေါင်း ၃၈ ဦး) နှင့် ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား ၂၃ ဦး၊ အကျဉ်းသူ ၇ ဦး (စုစုပေါင်း ၃၀ ဦး) ပြန်လည် လွတ်မြောက်လာ ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုလွှတ်ပေးလိုက်သူများထဲတွင် ပုဒ်မ ၅၀၅-က ကဲ့သို့သော နိုင်ငံရေးအမှုများဖြင့် ဖမ်းဆီးခံထားရသူ များ လုံးဝပါဝင်ခြင်းမရှိဘဲ သာမန်ရာဇဝတ်မှု ကျူးလွန်သူများသာ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသား အရေး စောင့်ကြည့်နေသူများက ပြောသည်။ 

လွတ်မြောက်လာသူတစ်ဦး၏ ဖခင်ဖြစ်သူက မြေပြင်အခြေအနေနှင့် ပတ်သက်၍ ယခုလို ပြောပြသည်။

လွတ်ငြိမ်းနဲ့လွှတ်ရာမှာ ပါနေတယ်လို့ အထဲကလူတွေက လှမ်းပြောလို့ မနက်စောစောကတည်းက မြိတ် ထောင်အဝမှာ သွားစောင့်နေခဲ့တာ။ လူ ၄၀ နီးပါးလောက်ပဲ လွတ်တာပါ။ အခုလွတ်ပေးလိုက်တဲ့အထဲမှာ မူးယစ်ဆေးအမှုနဲ့ နိုင်ငံရေးအမှုတွေ လုံးဝမပါဘူး။ ပြစ်ဒဏ်စေ့ခါနီးသူတွေနဲ့ ခိုးမှု၊ ရန်ဖြစ်မှုလို သာမန် အမှု တွေလောက်ပဲ လွှတ်ပေးတာကို တွေ့ရတယ် ဟု ပြောသည်။

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲမှု၊ မတရားသင်းအက်ဥပဒေ၊ မူးယစ်ဆေးဝါး၊ သဘာဝဘေးစီမံ၊ အကြမ်းဖက်မှုနှင့် အဂတိလိုက်စားမှု စသည့် ပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသူများမှအပ ကျန်အကျဉ်းသားအားလုံးကို ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံ လျှော့ပေါ့ပေးမည်ဟု ဆိုထားသည်။ 

သို့သော် လက်တွေ့တွင်မူ တနင်္သာရီတိုင်း အတွင်းရှိ ထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား အများအပြားမှာ လွတ်မြောက်ခြင်းမရှိဘဲ ဆက်လက်ချုပ်နှောင်ခံထားရဆဲ ဖြစ်သည်။

ယခုလွတ်ငြိမ်းခွင့်သည် နိုင်ငံတကာနှင့် ပြည်သူလူထုကို လှည့်စားသည့် လုပ်ရပ်သာဖြစ်ကြောင်း ထားဝယ် ဒေသခံ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ယခုကဲ့သို့ ထောက်ပြသည်။

စစ်တပ်က လွတ်ငြိမ်းပေးတယ်ဆိုတာ သူတို့ရဲ့ ပုံမှန်ထွက်ပေါက်တစ်ခုလို ဖြစ်နေပြီ။ တကယ်တမ်း လွှတ် ပေးရမယ့် နိုင်ငံရေး အကျဉ်းသားတွေကိုကျတော့ ဓားစာခံအဖြစ် ဆက်ဖမ်းထားပြီး၊ အထဲမှာ ပြစ်ဒဏ်စေ့ခါ နီးတဲ့ သာမန် ရာဇဝတ်သားတွေကိုမှ ရွေးလွှတ်ပြတာပါ။ ဒါဟာ နိုင်ငံရေးအရ အကျပ်အတည်း ဖြစ်နေတာကို သက်သာချင်ယောင်ဆောင်ပြတဲ့ အပေါ်ယံ ဟန်ပြလုပ်ရပ်သက်သက်ပဲ။ 

အကျဉ်းထောင်ဝန်းကျင်တွင် လုံခြုံရေးများ တင်းကြပ်ထားသည့် ကြားမှ ဆွေမျိုးသားချင်းများက မျှော်လင့်ချက်ဖြင့် လာရောက်စောင့်ဆိုင်းခဲ့ကြသော်လည်း မိသားစုဝင် နိုင်ငံ ရေး အကျဉ်းသားများ ပြန်မလွတ်လာသဖြင့် စိတ်ပျက်လက်ပျက် ပြန်သွားကြသူ များပြားသည်ဟု မြိတ်နှင့် ထားဝယ် ဒေသခံများက ပြောသည်။ 

စစ်ကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးအရ အကျပ်အတည်းများကို လျှော့ချ လိုဟန်ပြနေသော်လည်း အမှန်တကယ် လွှတ်ပေးသင့်သည့် အကျဉ်းသားများကိုမူ ချုပ်နှောင်ထားဆဲဖြစ်သည်ဟု ဒေသတွင်းစောင့်ကြည့်သူများက ဝေဖန်ထောက်ပြနေကြသည်။