တနင်္လာရီမြို့နယ်တွင် ဖြတ်တောက်မှုများ တိုးမြှင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်။
တနင်္သာရီမြို့နယ်ကို အသား ငါး အပြင် ဆေးဝါးကိုပါ စစ်ကောင်စီက ထပ်မံဖြတ်တောက်လိုက်သည်ဟု ဒေသခံများနှင့် မြေပြင် သတင်းအရင်းအမြစ်များ က ပြောသည်။
မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကြေးနန်းတိုင် စစ်ဆေးရေးဂိတ်တွင် တနင်္သာရီမြို့နယ်ဘက်သို့ ဆေးဝါးတင်ဆောင် လာသည့် ကားများ ဖမ်းဆီးခံနေရသည်ဟု ကားသမားများက ပြောသည်။
အသက် ၄၀ ခန့်အရွယ် ကားသမားတစ်ဦးက “တနင်္သာရီဘက်က ရွာတွေမှာ ဆေးဝါးတွေ ဆိုင်တင်ရောင်းချခွင့် ပိတ်ထားတယ်။ အသိတစ်ယောက် ကြေးနန်းတိုင်တံတားမှာပဲ ဆေးထုတ်တွေ အသိမ်းခံနေရတာ နှစ်ခါရှိသွား ပြီ။ တော်သေးတာက လူမဖမ်းလိုက်လို့၊ ဆေး တစ်ကတ် နှစ်ကတ်လောက်တောင်မှ အခန့်မသင့်ရင် သိမ်းချင် သိမ်း လိုက်တာ” ဟု ပြောသည်။
စစ်ကောင်စီက မေလ ၉ ရက်နေ့မှ စတင်၍ အသား၊ ငါးများ သယ်ယူရောင်းချခွင့်ကို ၃ လ ပိတ်ထားခဲ့ပြီးနောက် ယခုရက်ပိုင်း အတွင်း ဆေးဝါး သယ်ယူခွင့်ကိုပါ ၃ လထပ်မံ၍ ပိတ်ထားကြောင်း ကားသမားများက ပြောသည်။
ကြေးနန်းတိုင် စစ်ဆေးရေးဂိတ်တွင် တနင်္သာရီဘက်သို့ သွားလာမည့် ကားများအားလုံးကို တားဆီးပြီး အသား၊ ငါးနှင့် ဆေးဝါးများ ပါမပါကို စစ်ဆေးရှာဖွေလျက်ရှိနေသည်ဟု ဆိုသည်။
တနင်္သာရီမြို့ပေါ်ရှိ ဆေးဆိုင်နှင့် ဆေးခန်းများကိုလည်း စစ်ကောင်စီမှ ၃ လစာ ဆေးဝါး အလုံအလောက် ဝယ်ယူရန် ခိုင်းထားကြောင်း မြို့ခံ အချို့က ပြောသည်။
ထိုသို့ ဝယ်ယူခိုင်းထားပြီးနောက် တနင်္သာရီမြို့ပေါ်ရှိ ဆေးဆိုင်နှင့် ဆေးခန်းများကိုပါ ဆေးဝါးသယ်ယူခွင့် ပိတ်လိုက်တာကြောင့် မြို့နယ် အနီးဝန်းကျင်မှ ရွာသားများမှာ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြ သည်။