စစ်မှုထမ်းသင်တန်းဆင်းတစ်ဦး တော်လှန်ရေးနှင့် ပူးပေါင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်။ 

တနင်္သာရီမြို့နယ်ထဲမှာ ရှေ့တန်းရောက် စစ်မှုထမ်းသင်တန်းဆင်း တစ်ဦး လက်နက်နှင့် အတူ တော်လှန်ရေး ပူးပေါင်းအဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့သည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်းခွန်းကျေးရွာ ရှေ့တန်းစစ်မျက်နှာပြင်မှ စစ်မှုထမ်း သင်တန်းဆင်း တပ်သား တစ်ဦး လက်နက်နှင့်အတူ ပူးပေါင်း ခိုလှုံလာခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း ၃ မှ တာဝန်ရှိသူက ပြောသည်။

မြိတ်ခရိုင် တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက သူ့ဇာတိက ကရင်ပြည်နယ် မြဝတီမြို့ကပါ၊ စစ်ကောင်စီက အဓမ္မဖမ်းဆီးတာကို ခံရပြီး ပလောက်မြို့က အမှတ် ၁၂ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း မှာ စစ်မှုထမ်း အပတ်စဥ် (၈) သင်တန်း တက်ခဲ့ ရတယ်။ သင်တန်းဆင်းပြီး ခမရ – ၄၁၃ တပ်ရင်းကို ရောက်တာ က လပိုင်းပဲသေး ရှိသေးတယ်လို့ ပြောတယ် ဟု ပြောသည်။

ဘက်ပြောင်းခိုလှုံလာသူမှာ ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် အခြေစိုက် ခမရ – ၄၃၁ တပ်ရင်းမှ တပ်သား ချစ်ကို ဆိုသူဖြစ်ပြီး မေလ ၁၅ ရက်နေ့က ရှေ့တန်းစစ်မျက်နှာမှ ဆက်သွယ်ကာ ဘက်ပြောင်း ခိုလှုံလာခြင်း ဖြစ် သည်။

ဘက်ပြောင်းခိုလှုံလာစဥ် MA 1 သေနတ် တစ်လက်နှင့် ကျည်ဘောက်သုံးခု ယူဆောင်လာနိုင်ခဲ့သည်ဟု မေလ ၂၀ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း ၃ က သတင်းထုတ်ပြန်ထားသည်။

ဘက်ပြောင်းခိုလှုံလာသူ ကိုချစ်ကိုအား ယခုရက်သတ္တပတ်အတွင်း ဆုကြေးငွေ ချီးမြှင့်ပေးနိုင်ရန် စီစဥ်နေပြီး ၎င်း၏ ဆန္ဒအတိုင်း ဆက်လက် လုပ်ပေးမည်ဟု ဆိုသည်။

လက်ရှိတွင် လုံခြုံစိတ်ချရသည့်နေရာတွင် စောင့်ရှောက်ပေးထားသည်ဟု မြိတ်ခရိုင် တပ်ရင်း ၃ တာဝန်ရှိသူက က ဆိုသည်။

တနင်္သာရီ – မောတောင်လမ်းပိုင်းရှိ သိန်ခွန်းကျေးရွာ အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်တို့အကြား နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ငါးလကျော်ခန့် ကြာမြင့်နေပြီး ရှေ့တန်း စစ်မျက်နှာပြင်တွင် စစ်ကောင်စီဘက်မှ စစ်မှုထမ်း သင်တန်းဆင်း အမြောက်အများကို အသုံးပြုနေသည်ဟု မြေပြင် သတင်းအရင်းအမြစ်က ဆိုသည်။

မေလ ၉ ရက်နေ့ကလည်း ဘုတ်ပြင်းအခြေစိုက် ခမရ – ၂၂၄ တပ်ရင်းမှ စစ်မှုထမ်း သင်တန်းဆင်း တပ်သားနှစ်ဦး သိန်ခွန်းစစ်မျက်နှာပြင်မှ ကေအဲန်ယူ တပ်မဟာ ၄ တပ်ရင်း ၁၁ ထံသို့ လက်နက်နှင့်အတူ ဘက်ပြောင်း ခိုလှုံခဲ့သေးသည်။

အလားတူပင် ထားဝယ်ခရိုင် ထားဝယ်မြို့နယ် အရှေ့တောဒေသတွင် စစ်မှုထမ်း သင်တန်းဆင်းနှစ်ဦး ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ တပ်ခွဲ ၇ ထံသို့ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာခဲ့သည်။