တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်။
တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက် သေဆုံးမှုများရှိသည်ဟု တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
တနင်္သာရီတိုင်း မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ထဲရှိ ဘန်းလမွတ်ကျေးရွာအုပ်စုထဲက ရမ်းဖိုကျေးရွာတွင် အနီးတွင် မေလ ၂၀ ရက်နေ့မှ ယနေ့အချိန်ထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွား နေပြီး နှစ်ဖက်ကြား တင်းမာနေကြသည်။
မေလ ၂၀ ရက်နေ့၊ နံနက်ပိုင်းက မိနစ် ၃၀ ခန့်အကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈ ဦး ထိမှန်သေဆုံးခဲ့သည်ဟု တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
ဗိုလ်ခရင်းတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက “ပစ်ဆိုတာနဲ့ ရေပက်သလို ပစ်ကြတာပဲ။ လောင်ချာတွေနဲ့ ရောပစ်တာ ပဲ။ သူတို့က လမ်းမအတိုင်း ပေါ်တင်ကြီး တက်လာတော့ ထိတာများတယ်။ ဒီဘက်ကတော့ ဘယ်သူမှ မထိဘူး” ဟု ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၈ ဦး ထိမှန် သေဆုံးခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရသူ အချို့လည်း ရှိသည်ဟု ဗိုလ်ခရင်းတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။
ဇဝဲကျေးရွာ အခြေစိုက် ခမရ – ၅၅၆ တပ်ရင်း၏ အင်အား ၅၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းသည် မိုင်းဆွဲ ခံထိပြီးနောက် တောလမ်းအတိုင်း တစ်ဖွဲ့၊ လမ်းမကြီးအတိုင်း တစ်ဖွဲ့ နှစ်ခွဲ၍ ရမ်းဖိုကျေးရွာကို တက်လာစဥ် မေလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်၌ တော်လှန်ရေး ပူးပေါင်းအဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်။
ဆွဲမိုင်း (၃) လုံးနှင့် စတိုက်စဥ် ၂ ဦးသေဆုံးခဲ့ပြီး ကျေးရွာအနီးက တိုက်ပွဲ၌ ၆ ဦးသေဆုံးခဲ့သည်ဟု ဗိုလ်ခရင်း တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
သို့သော် တော်လှန်ရေး ပူးပေါင်းအဖွဲ့ဘက်တွေ ထိခိုက်မှု မရှိဘူးဟုလည်း ဆက်ပြောသည်။
လက်ရှိတွင် ရမ်းဖိုကျေးရွာ အတွင်း၌ စစ်ကောင်စီ စစ်ကြောင်းက စခန်းချထားပြီး အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်း မထိုးခင်ကတည်းကပင် ရမ်းဖိုကျေးရွာမှ ရွာသားများမှာ စစ်ရှောင်နေကြရခြင်း ဖြစ်သည်။
ရမ်းဖိုကျေးရွာထဲက စစ်ကောင်စီ စစ်ကြောင်းသည် ရွာအပြင်ဘက်သို့လည်း နေ့စဉ် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။