စစ်ကောင်စီက နိုင်ငံ၏ လေးပုံ တစ်ပုံ ပင် ထိန်းချုပ်မထားနိုင်တော့ကြောင်း NUG ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်။
မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် စစ်တပ်သည် နွေဦးတော်လှန်ရေး ကာလအတွင်း အကြီးမားဆုံး ရှုံးဆုံးမှုကို ရင်ဆိုင်ကြုံတွေ့နေရပြီး နယ်မြေထိန်းချုပ်နိုင်မှု အနေအထားကလည်း လေးပုံတစ်ပုံပင် မရှိတော့ဘူးဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။
ယခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး နှုတ်ခွန်းဆက်မိန့်ခွန်း၌ NUG ယာယီသမ္မတ က ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။
“တော်လှန်ရေး အင်အားစု အသီးသီးရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုတွေကြောင့် ဒီကနေ့ အချိန်မှာ စစ်ကောင်စီအနေနဲ့ မြန်မာစစ်သမိုင်းတစ်လျှောက် အကြီးမားဆုံး ရှုံးဆုံးမှုတွေကို ရင်ဆိုင်ကြုံ တွေ့နေကြရပြီဆိုတာ အားလုံးမျက်မြင်ပဲ ဖြစ်ပါတယ်။ နိုင်ငံတဝန်းမှာ စစ်ကောင်စီ ထိန်းချုပ်နိုင်မှုက လေးပုံ တစ်ပုံတောင် မရှိတော့ဘူးဆိုတာကို မြေပြင် အချက်အလက်တွေက ဖော်ပြနေပါတယ်။”
တော်လှန်ရေး ၄ နှစ်တာ ကာလအတွင်း စစ်ကောင်စီကို ရင်ဆိုင်တော်လှန်နိုင်ခြင်းက သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းများနှင့် မဟာမိတ် ဆက်ဆံရေးကို အခိုင်အမာ တည်ဆောက်ထားနိုင်ပြီး ပြည်သူလူထု၏ ထောက်ခံ အားပေးမှုကြောင့်ဟု ဆိုသည်။
တစ်ဖက်တွင်လည်း တော်လှန်ရေး ကြာရှည်လာသည်နှင့်အမျှ ပြည်သူများမှာ ပိုမို ထိခိုက်ခံစားနေရပြီး တိုင်းပြည်လည်း နစ်နာနေရသည်ဟု NUG ယာယီ သမ္မတ က ဆက်ပြောသည်။
“တိုင်းပြည်နဲ့ ပြည်သူ့ ဘဏ္ဍာတွေကို ဂုတ်သွေးစုပ်ပြီး ပြည်သူကို စစ်မက်ပြုနေတဲ့ စစ်အုပ်စုကို တိုက်ထုတ်ရတဲ့ တော်လှန်ရေး ဖြစ်သလို စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှကို စစ်အာဏာရှင် အမူအကျင့် အတွေးအခေါ်မှန် သမျှ အဆုံးသတ်ရေးအတွက် ဆင်နွှဲနေရတဲ့ တော်လှန်ရေး ဖြစ်တာကြောင့် ခက်ခဲကြမ်းတမ်းမှုတွေ အများကြီး ရှိတာဆိုတာကိုလည်း အရှိတရားကျကျ ကြည့်မြင်ရမှာ ဖြစ်ပါတယ်။”
ထို့ကြောင့် တော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်နိုင်ရန် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများ အနေဖြင့် ပိုပြီး ကြိုးစားကြရန် NUG ယာယီ သမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားသည်။
“တတ်နိုင်သမျှ ဒီတော်လှန်ရေးကို အမြန်ဆုံးအောင်မြင်အောင် လုပ်ဆောင်ပြီး ပြည်သူလူထု ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ပပျောက်သွားအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ ၂၀၂၅ ခုနှစ်ဟာ ကြီးမား တဲ့ တော်လှန်ရေး အလှည့်အပြောင်း ဖြစ်လာစေမယ့်နှစ် ပြည်သူလူထု အတွက် တော်လှန်ရေး အပြီးသတ် အောင်ပွဲ အလင်းရောင်ကို ယူဆောင်သွားနိုင်မယ့် နှစ်ဖြစ်ဖို့ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ အားလုံး ဆထက်တစ်ပိုး ကြိုးစားသွားရမှာ ဖြစ်ပါတယ်။”
စစ်အာဏာသိမ်းပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အား စုများအကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့သည်။
စစ်ရေးပဋိပက္ခများကြားက ပြည်သူများသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ လူသားဒိုင်း ကာ ပြုလုပ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူများ လုပ်ကိုင်စားသောက်နေသည့် နေရာများကို လက်နက် ကြီး ပစ်ခတ်ခြင်းနှင့် ကျေးရွာများထဲမှ မောင်းထုတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားခဲ့ရ သည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ငလျင်ဘေး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်ဖို့ရန် တည်ငြိမ်အေးချမ်းရေးကို ရှေးရှု့ပြီး ယာယီ အပစ်ရပ်ထားမည်ဟု ထုတ်ပြန် ထားသည်။
ယာယီ အပစ်ရပ်မည်ဟု ထုတ်ပြန်ထားသော်လည်း လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့် ဗုံးကြဲ တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကို စစ်ကောင်စီက ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နေ့တိုင်း လုပ်ဆောင်နေပြီး တိုက်ပွဲများလည်း ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေသည်ဟု တော်လှန်ရေး အင်အားစုများက ပြောသည်။