မိုးမိတ်၊ ဝဲဘောင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ၍ ကလေးအပါ အရပ်သား ၈ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်၊ ဝဲဘောင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ၈ ဦး ထိမှန် သေဆုံးခဲ့သည်။
စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုထဲ ကလေး အပါအဝင် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ရပြီး၊ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံ အမျိုးသားတစ်သီးက “Airstrike ဖြစ်သွားတယ်။ မိုးမိတ်ဘက်မှာ။ ကိုသိန်းနိုင်အိမ်မှာ ၃ ယောက်၊ ဦးစိုးမြင့်အိမ်မှာ ၂ ယောက်၊ ဒေါ်ခင်မာရီ အိမ်က တစ်ယောက်၊ ဦးသိန်းဇော်အိမ်က တစ်ယောက်၊ နောက်ပြီး တခြားအိမ်က တစ်ယောက်လည်းပါတယ်။ ဒဏ်ရာရတာလည်း များတယ်။ အဲ့ဒီထဲမှာ ကလေးတစ်ယောက်က တော့ အသက်အန္တရာယ်က လွှတ်သွားတယ်။ ဒါပေမယ့် ခြေထောက်ဖြတ်ရမယ့် အခြေအနေမျိုးပေါ့နော်။ ထိသွားတာက တော်တော်ဆိုးတယ်” ဟု ပြောသည်။
အဆိုပါ တိုက်ခိုက်မှုမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားနေအိမ်များကို တိုက်ရိုက်ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး၊ ပေါင်း ၂၅၀ ဗုံးတို့ဖြင့် အောက်တိုဘာလ ၉ ရက်နေ့၊ ညနေ ၆ နာရီကျော် အချိန်ခန့်တွင် ကြဲခဲ့ခြင်း ဖြစ်သည်။
အသက် ၃ နှစ်အရွယ် အပါအဝင် ဒေသခံပြည်သူ စုစုပေါင်း ၈ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။
အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး နှင့် ကလေးတစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၇ ဦး ရှိခဲ့သည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။
ဒဏ်ရာရသူများထဲတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်ပြီး၊ ၎င်းမှာ ခြေထောက်တစ်ဖက် ဆုံးရှုံးသည်အထိ ဒဏ်ရာပြင်းထန်ခဲ့သည်။
လေကြောင်းမှ ဗုံးကြဲမှုထဲ ဗုံးပေါက်ကွဲမှုကြောင့် ကျေးရွာရှိ နေအိမ် ၇ လုံး ထိမှန် ပျက်စီးဆုံးရှုံးခဲ့သည်။
စစ်ကော်မရှင်တပ်သည် ဝဲဘောင်ကျေးရွာကို ဗုံးကြဲပြီးနောက် တစ်ညတည်းမှာပင် တောင်အင်တိုင်းဒေသ ဘက်သို့ ဗုံး ၂ လုံး ထပ်မံ ကြဲချခဲ့ကြောင်း မြေပြင် သတင်းအရင်းအမြစ်က ဆိုသည်။
အောင်တအင်တိုင်းဒေသ လေကြောင်းတိုက်ခိုက်ခံရမှုထဲ ထိခိုက်သေဆုံးမှုများ မရှိခဲ့သော်လည်း၊ ယခုဖြစ်စဉ် သည် စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားပြည်သူများ၏ နေထိုင်ရာ နေရာများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေသည်ကို ထင်ရှားစေသည်ဟု ဆိုကြသည်။
မိုးမိတ်မြို့နယ်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ ကျောင်းသားတပ် ABSDF နှင့် တအာင်းတပ် TNLA မဟာမိတ်တပ်ဖွဲ့များ၏ ထိုးစစ်ဆင်မှုကြောင့် စစ်ရေးပြင်းထန်ခဲ့ပြီးနောက်ပိုင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပစ်မှတ်ထားခံရသည့် နယ်မြေတစ်ခုဖြစ်သည်။
လက်ရှိဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုသည် တိုက်ပွဲမရှိသည့် အရပ်သား နေထိုင်ရာ နေရာကို တိုက်ရိုက် ပစ်မှတ်ထားခြင်း ဖြစ်ပြီး၊ စစ်တပ်သည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားသည့် နယ်မြေများတွင် အရပ်သားများ အပေါ် လေကြောင်းဖြင့် ဖိအားပေး အကြမ်းဖက်သည့် စစ်ရေးဗျူဟာကို ဆက်လက်ကျင့်သုံးနေခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။