မြိတ်မြို့နယ်အတွင်း ဒရုန်းနှင့် လက်နက်ကြီးများကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။
မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုတွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများ ကြောင့် အရှေ့တောင်ကျေးရွာမှ ဘုန်းကြီးကျောင်းနှင့် သကန်ကျေးရွာရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု ရွာသားများက ပြောသည်။
စစ်ကောင်စီနှင့် ပျူစောထီးတို့ ပူးပေါင်းအင်အား ၁၀၀ နီးပါးက မဇောကျေးရွာအုပ်စုထဲကို စက်တင်ဘာလ ၁၁ ရက်နေ့ကတည်းက စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြင်ကြီးကျေးရွာ အထက်တန်းကျောင်းနှင့် ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲထားခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့ည ၁၁ နာရီခန့်က အရှေ့တောင်ကျေးရွာကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာဘုန်းကြီးကျောင်းဆောင် အချို့ ပျက်စီးခဲ့သည်ဟု ရွာသားတစ်ဦးက ဆိုသည်။
ထို့အပြင် စက်တင်ဘာလ ၁၈ ရက်နေ့၌လည်း နံနက် ၁၀ နာရီခန့်တွင် နှစ်ကြိမ်၊ ည ၁၂ နာရီတွင် တစ်ကြိမ် အရှေ့တောင်ကျေးရွာ အနီးရှိ သကန်ကျေးရွာကို ထပ်မံ၍ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၃ ဆောင် ပျက်စီး သွားခဲ့သည်။ သို့သော် လူထိခိုက်မှုမရှိခဲ့ဘူးဟု ဆိုကြသည်။
အသက် ၅၀ခန့်အရွယ် ရွာသားတစ်ဦးက “ဘုန်းကြီးကျောင်းဝင်း အထဲက ထမင်းစား ဇရပ် အမိုးတွေ ပြိုကျ ပျက်စီးသွားပြီး ကျောင်းထဲက ပစ္စည်းတွေ လည်း အကုန်လုံး ပျက်စီးကုန်တယ်” ဟု ပြောသည်။
ဘုန်းကြီးကျောင်း အနီးတဝိုက်ကို စစ်တပ်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်နေခြင်းမှာ စစ်ရှောင်များ ခိုလှုံရှိနေသည်ကို သိနေခြင်းကြောင့် ဖြစ်နိုင်နေသည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်း ဒရုန်းဖြင့် တိုက်ခိုက်မှုပြီးချိန်တွင် သကန်ကျေးရွာ နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းမှ သင်းအုပ်ဆရာ၏ နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေကာ အသင်းတော်၏ ရန်ပုံငွေ ကျပ်ငွေ သိန်းနှစ်ဆယ်ကျော်နှင့် ဖုန်းတစ်လုံးကို ယူဆောင်သွားခဲ့သေးသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် စက်တင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းကလည်း လက်မဲကျေးရွာ ဘုန်းကြီး ကျောင်းအနီးသို့ တစ်ကြိမ်နှင့် တောင်ပုကျေးရွာ အနီးသို့ စက်တင်ဘာလ ၁၇ ရက်နေ့၊ ည ၇ နာရီခန့်တွင် တစ်ကြိမ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သေးသည်ဟု ရွာသားများက ဆိုသည်။
ပြင်ကြီးကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင်လည်း စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ချထားပြီး ဖြတ်သွားဖြတ်လာ ယာဥ်များကို စစ်ဆေးခြင်းနှင့် ငွေကြေး ကောက်ခံခြင်းများ လုပ်လျက်ရှိနေဟု ရွာသားများက ပြောသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုများနှင့် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းများကြောင့် မဇောကျေးရွာအုပ်စုထဲရှိ ကြေးနန်းတိုင်၊ မြင်သာ၊ မဇောပြင်ကြီး၊ ရှမ်းထိန်၊ လက်မဲ၊အရှေ့တောင်၊ တောတန်း၊ ကရင်သကန်နဲ့ တောင်ပုကျေးရွာတို့မှ ရွာသားအများစုမှာ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။
စစ်ကောင်စီတပ်ဖွဲ့က မြိတ်မြို့နယ်အပြင် တနင်္သာရီ မြို့နယ်တွင်လည်း စက်တင်ဘာလ အစပိုင်းကတည်းက တိုက်ခိုက်ရေး ဒရုန်းအကြီးများကို အသုံးပြု၍ ဗုံးသီးချတိုက်ခိုက်ခြင်း လုပ်နေသည်။