ဖောင်တော်ဦးဘုရားပွဲ အစီအစဉ် ဒုတိယ အကြိမ်မြောက် ဖျက်သိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။
အင်းလေး ဖောင်တော်ဦးဘုရားပွဲ ကျင်းပမည့် အစီအစဉ်အား ရေဘေးကြောင့် ၂ ကြိမ်မြောက် ဖျက်သိမ်းလိုက် သည်။
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ကျင်းပမည့် ဖော်တော်ဦးဘုရား ဒေသစာရီကြွချီ အပူဇော်ခံပွဲတော် ကျင်းပမည့် အစီစဉ်အား ဖျက်သိမ်းလိုက်ပြီဟု ဂေါဗကအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
ဖောင်တော်ဦးဘုရား အနောက်ဘက် နမ့်ဟူးကျေးရွာတွင် နေထိုင်သူ တစ်ဦးက “တခြား ဈေးသည်တွေ၊ ဖျော်ဖြေ ရေးတွေ မပါလည်း ဘုရားက ကြွလို့ရတယ်။ ပွဲမဖြစ်ဘူး၊ ထုံးတမ်းအစဉ်အလာအရ ကြွရတဲ့သဘောပေါ့။ ဒါပေ မယ့် သယ်ရပြုရတာတွေက ရေနဲ့ဆိုတော့ ဘယ်လိုမှ မလွယ်ဘူးလေ။ အဲဒါကြောင့် မလုပ်တော့တာ” ဟု ပြော သည်။
လာမည့် အောက်တိုဘာလ ၃ ရက်နေ့ (သီတင်းကျွတ်လဆန်း ၁ ရက်နေ့) တွင် ကျင်းပရန် လျာထားသော်လည်း လက်ရှိ ပွဲတော်ကျင်းပမည့် ဘုရားရင်ပြင်နှင့် ကျောင်းတော်လှေကား နေရာတို့၌ ၃ ပုံတစ်ပုံခန့် အထိ ရေများ ဝင်ရောက်နေသဖြင့် ဖျက်သိမ်းလိုက်ရခြင်း ဖြစ်သည်။
ယခု ၂၀၂၄ ခုနှစ်အတွင်း စစ်ဘေးနှင့် ရေဘေး ၂ ခုလုံး ကြုံနေရသဖြင့် ဩဂုတ် ၁၆ ရက်နေ့ကတည်းက ပွဲတော် မကျင်းပဖြစ်တော့ဘူးဟု ဂေါပကအဖွဲ့ တာဝန်ရှိသူများက ကြေညာထားသော်လည်း ဩဂုတ်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ဖိအားပေးမှုကြောင့် ထပ်မံကျင်းပရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက် ပွဲတော်ကျင်းပရန် ပြင်ဆင်မှုများ လုပ်နေသည့် စက်တင်ဘာလ အစပိုင်းအတွင်း ရာဂီမုန်တိုင်း အကြွင်းအကျန် များကြောင့် ရေကြီးရေလျှံ ဖြစ်လာ၍ ဒုတိယအကြိမ် ဖျက်သိမ်းလိုက်ရခြင်း ဖြစ်သည်။
ဂေါပကနှင့် နီးစပ်သူ တစ်ဦးက “ဂေါပကရော၊ သိက္ခာရ ဆရာတော်တွေရော တင်းခံထားတယ်။ ပွဲမဖြစ်တာက သေချာနေပြီ။ မင်းအောင်လှိုင်က တင်းခံနေတာ။ အခုတော့ တင်းလို့ မရတော့ဘူး။ ပွဲဖြစ်ချင်ရင် သူတစ်ယောက်တည်း ကရဝိတ်နဲ့ ပတ်ရမှာ” ဟု ပြောသည်။
အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်အား COVID – 19 ကပ်ရောဂါဘေးနှင့် စစ်အာဏာသိမ်း ဂယက်တို့ ကြောင့် ၂၀၂၀ ခုနှစ်မှ စတင်၍ ၂၀၂၂ ခုနှစ်အထိ ၃ နှစ်ကြာ ရပ်ဆိုင်းခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ရောက်မှသာ စစ်ကောင်စီ ဥက္ကဋ္ဌ၏ ဖိအားပေးမှုဖြင့် ပြန်လည်ကျင်းပခဲ့ရသည်ဟု ဆိုကြသည်။
ယခင်နှစ်များတွင် ဒေသစာရီ ကြွချီပူဇော်ပွဲအား သီတင်းကျွတ်လဆန်း ၁ ရက်နေ့တွင် ဖောင်တော်ဦးမှ ထွက်ခွါ၍ အင်းလေးဒေသ ၁၃ ဌာနသို့ ကြွချီ အပူဇော်ခံပြီးလျှင် သီတင်းကျွတ်လဆုတ် ၃ ရက်နေ့တွင် ရတနာစံကျောင်း တော်သို့ ပြန်လည်ဆိုက်ရောက်ကာ ပွဲတော်ပြီးဆုံးကြခြင်း ဖြစ်သည်။
စက်တင်ဘာလ တတိယအပတ်တွင်း စစ်ကောင်စီက မိုးဗြဲရေကာတာ ဖောက်ချမှုကြောင့် အင်းလေးဒေသတွင် ရေတစ်ပေခန့် ကျသွားသော်လည်း လက်ရှိ ကျေးရွာပေါင်း ၄၄၆ ရွာအနက် ၁၇၁ ရွာမှာ နစ်မြုပ်နေဆဲ ဖြစ်သည် ဟု ဒေသခံများက ပြောသည်။
အင်းလေးဒေသတွင် ရေကြီးရေလျှံနေမှုကြောင့် လူပေါင်း ၁၀၀ ကျော် (လက်ရှိ အလောင်းစာရင်း) သေဆုံးခဲ့ပြီး အကူအညီများ လိုအပ်နေသည့် ကျေးရွာများမှာ ရွာပေါင်း ၅၀ နီးပါးခန့် ကျန်ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။