ပွတ်ချွန်းဆေးလိပ် လိပ်သည့် စက္ကူတွေ့ရှိမှုဖြင့် နိုင်ကျဉ်းတစ်ဦး ညှင်းပန်းနှိပ်စက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။
ပဲခူးတိုင်းအတွင်းရှိ ဒိုက်ဦးအကျဉ်းထောင်တွင် ဆေးလိပ်ပတ်စက္ကူတွေ့ရှိမှုကြောင့် နိုင်ကျဉ်းတစ်ဦး ရိုက်နှက်ခံခဲ့ရသည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။
အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်များနှင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများက ဆေးလိပ်ပတ်စက္ကူတွေ့ရှိမှုဖြင့် ရိုက်နှက်ခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ကျဉ်းများကွန်ရက် ဦးဆောင်ကော်မတီဝင် ဖြစ်သူ ကိုသိုက်ထွန်းဦးက “အဲဒီနေ့မှာ လည်း သူသောက်တာကို မိတာ မဟုတ်ဘဲနဲ့ သူအိပ်တဲ့ နေရာနားမှာ စက္ကူပေါ့နော်။ ထောင်ထဲမှာတော့ ဆေး လိပ်ဆိုတာ ကျနော်တို့ ပြင်ပမှာ သောက်နေတဲ့ ဆေးလိပ်အခွံလို မဟုတ်ဘဲနဲ့ ထောင်ထဲမှာ ဆေးလိပ်သောက်ဖို့ အတွက် ၂ ကြောင်းမျဉ်းတို့ အဲလိုမျိုး စာရွက်တွေကို ဖြဲပြီးတော့မှ လိပ်သောက်ကြရတာ ဖြစ်တယ်။ အဲဒီ စာရွက်အပိုင်းအစလေး တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဓိက ရိုက်ခံရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဆေးလိပ် လိပ်ရာတွင် အသုံးပြုသည့် ပွတ်ချွန်းစက္ကူတွေ့ရှိမှုကြောင့် ထောင်အာဏာပိုင်များက အဆိုပါ နိုင်ကျဉ်း အမျိုးသား၏ ခန္ဓာကိုယ်အား ရိုက်နှက်ခြင်း၊ ဦးခေါင်းနှင့် မျက်နှာပေါ်သို့ ဖိနပ်ဖြင့် တက်နင်းခြင်း စသဖြင့် အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့ညတွင် ဖြစ်ပွားခဲ့ပြီး အမှတ် ၅ အဆောင်မှူး ရဲထွဋ်ဝင်းနှင့် ဒုတပ်ကြပ် စောအောင်ကိုလေးတို့မှ ပါဝင်ကျူးလွန်ခဲ့သည်ဟု သိရသည်။
ရိုက်နှက်ခံရသည့် နိုင်ကျဉ်းမှာ အသက် ၃၀ ဝန်းကျင်အရွယ် ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် ၃ နှင့် ကျခံနေရသူ ဖြစ်ပြီး ထောင်ဆရာဝန်များကိုလည်း ဆေးကုသခွင့် မပေးသဖြင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သည့် အကျဉ်းသားများက ကြည့်ရှုပေးနေရသည်ဟု ဆိုကြသည်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်း အကျဉ်းထောင်များတွင် အကျဉ်းထောင် လက်စွဲဥပဒေအား ထောင်အာဏာပိုင် များက လိုက်နာကျင့်သုံးတော့ခြင်းမျိုး မရှိဘဲ ၎င်းတို့ ပါးစပ်မှ ထွက်သမျှ စကားတိုင်းက ဥပဒေသဖွယ် ဖြစ်နေ သည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
“နိုင်ငံရေး အကျဉ်းသားတွေကိုတော့ သူတို့က ရန်သူသဖွယ် သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် နိုင်ငံရေး အကျဉ်းသား ဖြစ်ရင် သူတို့က အဆိုးဝါးဆုံး ရိုက်နှက်မှုတွေ ဖိနှိပ်ပြတယ်ပေါ့နော်။ ဒါတော့ ပြဿနာတစ်ခုကို ကောင်းမွန်စွာ ဖြေရှင်းရမယ့်အစား အကြမ်းဖက် နည်းလမ်းကို အသုံးပြုတာဟာ လုံးဝမလုပ်သင့်တဲ့ ကိစ္စ ဖြစ်တယ်။ ဒီကိစ္စတွေက ပြဿနာ ဘယ်လောက်ကြီးကြီး စနစ်တကျနဲ့ ဖြေရှင်းလို့ ရတယ်ပေါ့နော် ဒါပေမယ့် အဲဒီနေ့က ဖြေရှင်းမှုကတော့ လူကြီးလူကောင်း မဆန်သလို လူ့အခွင့်အရေးကို လေးစားလိုက်နာမှု မရှိဘူး ဆိုတာကို မြင်သာစေပါတယ်။”
၂၀၁၅ ခုနှစ် ရှေ့ပိုင်းတွင် အကျဉ်းထောင်များ၌ ဆေးလိပ်သောက်သုံးခွင့် ပြုခဲ့သော်လည်း နောက်ပိုင်းမှစ၍ ကန့်သတ်ထားသဖြင့် ထောင်အာဏာပိုင်များမှ မှောင်ခိုသွင်းကာ စီးပွားရှာနေကြခြင်း ဖြစ်သည်။
ဒိုက်ဦးအကျဉ်းထောင်တွင် ယခုကဲ့သို့ ဆေးလိပ်အခွံတွေ့ရှိမှုကြောင့် ရိုက်နှက်ခံရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး ယခင်ကလည်း နိုင်ကျဉ်းသား/သူများအား အကြောင်းအမျိုးမျိုးပြ၍ ထောင်အာဏာပိုင်များက ညှင်းပန်း နှိပ်စက်လေ့ရှိသည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့ကလည်း အင်းစိန်အကျဉ်းထောင်တွင် အဆုတ်တီဘီ ရောဂါဝေဒနာရှင် တစ်ဦး အား အခြားအမှုဖြင့် အကျဉ်းကျနေသည့် အကျဉ်းသားတစ်ဦးက လိင်တူ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး ထောင်အာဏာပိုင်များက သတင်းပေါက်ကြားလျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့သေးသည်။