ငွေလိမ်ခြံဝန်းကို အပြီးသတ်ချိပ်ပိတ်ပြီး လူထုအကျိုးစီးပွားအတွက် အသုံးပြုမည်ဟု KNU ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်။

ကရင်ပြည်၊ မြဝတီခရိုင်၊ မင်းလက်ပံရှိ Shunda Park ငွေလိမ်ဂိုဏ်းများ KNU က အပြီးသတ်ချိတ်ပိတ်ပြီး လူထုအကျိုးပြု စီမံကိန်းအဖြစ် ဖော်ဆောင်မည်ဟု ပြောသည်။

မြဝတီခရိုင်၊ မင်းလက်ပံနယ်မြေအတွင်း နှစ်ရှည်လများ အခြေစိုက်ခဲ့သည့် Shunda Park ငွေလိမ်ခြံဝင်း အတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (Scam) များကို ကရင်အမျိုးသားအစည်းအရုံး (KNU) က အပြီးသတ် အောင်မြင်စွာ တိုက်ဖျက်ချိတ်ပိတ်လိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၁၇ ရက်နေ့ ထုတ်ပြန်လိုက်သည်။ 

ချိတ်ပိတ်သိမ်းပြီးနောက် ၎င်းနေရာကို အနာဂတ်တွင် အများပြည်သူ အကျိုးစီးပွားအတွက်သာ အသုံးပြု စေရမည်ဖြစ်ပြီး၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာ ဒေသခံပြည်သူများနှင့် ခေါင်းဆောင်များ နှင့် တိုင်ပင်ကာ ပွင့်လင်းမြင်သာစွာ၊ တာဝန်ခံတာဝန်ယူမှုရှိစွာ ဆောင်ရွက်ရမည် ဟု KNU  ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ 

အဆိုပါခြံဝင်းကို နောင်အနာဂတ်တွင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြင့် ပညာရေး ဗဟိုဌာနတစ်ခုအဖြစ် ပြောင်းလဲဖော်ဆောင်သွားမည်ဟု KNU က ကတိပြု ပြောကြားသည်။

လုံခြုံရေးနှင့်နိုင်ငံရေး တည်ငြိမ်မှု များရှိလာပါက ၎င်းနေရာကို ခေတ်မီနည်းပညာ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဥပဒေ၊ မှုခင်း၊ လုံခြုံရေးနှင့် မဟာဗျူဟာလေ့လာရေး စသည့်ဘာသာရပ်များကို အထူးပြုသင်ကြားပေးသော အဆင့်မြင့် ပညာရေး ပုရဝုဏ် တစ်ခု အဖြစ် ပြန်လည်အသုံးပြုရန် ရည်ရွယ်ချက်ထားရှိရမည် KNU ထုတ်ပြန် ချက်က ဆိုသည်။

KNU အနေဖြင့် နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ Shunda Park ခြံဝင်းအတွင်းရှိ ရာဇဝတ်မှုများကို စတင်ရှင်းလင်း ခဲ့ရာ သုံးပတ်ကျော်အကြာတွင် လူကုန်ကူးခံရသူများအပါအဝင် Scam အလုပ်သမားအားလုံးကို အပြီးသတ် ကယ်ထုတ်နိုင်ခဲ့သည်။ 

ယင်းစစ်ဆင်ရေးအတွင်း နှစ်ရှည်လများ လည်ပတ်ခဲ့သည့် အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်လုပ်ငန်းများကို အဆုံးသတ်နိုင်ခဲ့ရုံသာမက ကွန်ပျူတာနှင့် ဆက်သွယ်ရေးပစ္စည်း အမြောက်အမြားကိုလည်း သိမ်းဆည်းနိုင်ခဲ့ သည်။

ခြံဝင်းအတွင်းမှ ကယ်ထုတ်နိုင်ခဲ့သည့် လူကုန်ကူးခံရသူများအနက် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မလေးရှားနိုင်ငံ သား ၃၁ ဦးနှင့် ရုရှားနိုင်ငံသား ၁ ဦး အပါအဝင် နိုင်ငံခြားသား ၁၇၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း ပေးအပ်နိုင်ခဲ့သည်။ 

ထို့ပြင် ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ နောက်ထပ် နိုင်ငံခြားသား ၁,၂၆၀ ဦးကိုလည်း ထပ်မံကယ်ထုတ်နိုင်ခဲ့ပြီး ယင်းတို့အနက် အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကာ အိန္ဒိယ၊ နီပေါ၊ ထိုင်း၊ ဗီယက်နမ်နှင့် အီသီယိုးပီးယား နိုင်ငံသားများလည်း ပါဝင်ကြောင်း KNU ၏ ထုတ်ပြန်ချက်များအရ သိရသည်။

KNU ၏ Shunda Park ငွေလိမ်ခြံဝင်း အပြီးသတ် ချိတ်ပိတ်သိမ်းဆည်းမှုသည် နယ်စပ်ဒေသ တရားဥပဒေ စိုးမိုးရေးအတွက် ကြီးမားသော ခြေလှမ်းတစ်ခုဖြစ်ပြီး အဆိုပါနေရာအား လူထုအကျိုးပြု ပညာရေးဗဟိုဌာန အဖြစ် ပြောင်းလဲမည်ဆိုသည့်အချက်မှာ အားလုံး၏ စိတ်ဝင်စားမှုကို ရရှိနေသည်။

ထို့အပြင် မင်းလက်ပံဒေသခံများ အနေဖြင့် စစ်ကော်မရှင်တပ်၏ လက်တုံ့ပြန် တိုက်ခိုက်မှုများကို စိုးရိမ်နေကြ သည်။

မြေပြင်သတင်းရင်းမြစ် တစ်ဦးက စစ်တပ်က သူတို့အကျိုးစီးပွား ထိခိုက်တော့ ကျနော်တို့ ဒီဘက်က ရွာတွေ ကို လက်နက်ကြီးနဲ့ လှမ်းပစ်နေတာတော့ တော်တော်လေး စိတ်ပူရတယ်။ တိုက်ပွဲတွေကလည်း ဆက်တိုက် ဖြစ်တာလေနော် ဆိုတော့ အခုထိလည်း စိတ်ပူနေရတုန်းပဲဗျ ဟု ပြောသည်။

စစ်ဆင်ရေးကာလအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်သည် Shunda Park ရှိ ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် လေကြောင်းနှင့် လက်နက်ကြီးများအသုံးပြုကာ နေ့စဉ်ရက်ဆက် တိုက်ခိုက်ခဲ့သဖြင့် အနီးပတ်ဝန်းကျင်ရှိ အရပ်သားနေအိမ်များနှင့် စစ်ရှောင်စခန်းများအနီး လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။ 

စစ်တပ်၏ ရည်ရွယ်ချက်မှာ ခြံဝင်းအတွင်းရှိ ရာဇဝတ်မှု သက်သေများကို ဖျက်ဆီးရန်နှင့် ပြည်သူများကို ထိတ်လန့်အောင် လုပ်ဆောင်ရန်ဖြစ်ကြောင်း KNU က ဆိုသည်။

လက်ရှိတွင် Shunda Park ခြံဝင်းအတွင်းရှိ အဆောက်အအုံများနှင့် ပစ္စည်းများကို KNU က စနစ်တကျ စာရင်းပြုစုသိမ်းဆည်းထားပြီး ရာဇဝတ်မှုတွင် ပါဝင်ပတ်သက်သူများကို ကော်သူးလေဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။