ဗိုလ်နဂါးတပ်နှင့် NUG ၏ ကာကွယ်ရေး တပ်ဖွဲ့များ အကြား ပစ်ခတ်မှုများ ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်။ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အခြေစိုက်သော ဗိုလ်နဂါး ဦးဆောင်သည့် BNRA နှင့် NUG လက်အောက်ခံ MOD တပ်ရင်းတပ်ဖွဲ့များကြား အပြန်အလှန် ပစ်ခတ်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။

ပုလဲမြို့နယ်အတွင်း တော်လှန်ရေးအင်အားစု အချင်းချင်းကြား စစ်ရေးပဋိပက္ခများ အရှိန်မြင့်တက်လာပြီး ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့များအကြား ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းမှ စတင်ကာ အပြန်အလှန် ပစ်ခတ်မှုများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

ယနေ့ နံနက် ၇ နာရီခွဲခန့်မှစတင်၍ ပုလဲမြို့နယ်အတွင်းရှိ ချင်ပြစ်ကျေးရွာနှင့် ပုပ္ပါကျေးရွာအနီးရှိ BNRA ဂိတ် စခန်းများကို NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်ရင်းများက လက်နက်ကြီးများ၊ စက် သေနတ်များနှင့် ဒရုန်းများကို အသုံးပြု၍ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BNRA ခေါင်းဆောင် ဗိုလ်နဂါး က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ပုလဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေနှင့် ပတ်သက်၍ ဗိုလ်နဂါးက ယခုကဲ့သို့ ရေးသားဖော်ပြ ထားသည်။

“NUG ရဲ့ MOD တပ်ရင်းတွေဟာ ဒီနေ့နံနက် ၇ နာရီခွဲမှစ BNRA ဂိတ်စခန်းများအား လက်နက်ကြီး ပစ်ခတ် ခြင်းနှင့် ဒရုန်းဗုံးသီးများဖြင့်ပါ ကိုလာရောက်တိုက်ခိုက်နေပြီဖြစ်ပါသည်။ အစိုးရအမည်ခံထားခြင်း၊ စစ်ဒေသ တစ်တွင်လည်း KIA အဖွဲ့အစည်းမှ ဦးဆောင်ခြင်းကြောင့် ထိုသို့အကျည်းတန်သော လုပ်ရပ်ကို တော်လှန်ဘက် အချင်းချင်း ပြုလုပ်မည်မဟုတ်ဟု လွန်ခဲ့သော နှစ်များအတွင်း ယူဆထားခဲ့ဖူးသော်လည်း ယခုအခါ အံ့သြဖွယ် ဆိုးသွမ်းမှုကိုမြင်ရပြီ ဖြစ်ကြောင်းနှင့် ပြည်သူအများ လတ်တလော အချိန်အတွင်း ဘေးလွတ်ရာ စစ်ရေး သတိပြု နေကြပါရန် အရေးပေါ် အသိပေးနှိုးဆော်အပ်ပါသည်

အဆိုပါ စစ်ရေးပဋိပက္ခသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား လက်နက် ပြန်အပ်ရေးကိစ္စ ညှိနှိုင်းရာမှ အငြင်းပွားမှုဖြစ်ပွားကာ NUG လက်အောက်ခံ ယင်းမာပင်ခရိုင် တပ်ရင်း (၄) မှ ရဲဘော်တစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်အပြီးတွင် အခြေအနေများ ပိုမိုဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ BNRA အဖွဲ့က ကျူးလွန်ထားသည်ဆိုသော ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတင်းမီဒီယာများသို့ ဖြေကြားထားသည်။

လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ပစ်ခတ်မှုများကြောင့် ချင်ပြစ်၊ ကြာစီ၊ ပုပ္ပါ နှင့် မောင်းတုံ ကျေးရွာများမှ ဒေသခံပြည်သူများသည် အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်နေရသည်။ 

နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း မြေပြင်တွင် စစ်ရေး တင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်ကာ ဒေသခံများကတော့ တော်လှန်ရေးအင်အားစုများအကြား သွေးကွဲမှု များ အပေါ် စိုးရိမ်ပူပန်လျက် ရှိကြသည်။