မြိတ်ထားဝယ်တွင် နိုင်ကျဉ်းများ လွတ်မြောက်မှု မရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်။
မြိတ်နှင့် ထားဝယ်အကျဉ်းထောင်များမှ အကျဉ်းသားအချို့ လွတ်ငြိမ်းဖြင့်လွတ်မြောက်သော်လည်း နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်းမရှိဘူးဟု အကျဉ်းဦးစီးနှင့်နီးစပ်သူများက ပြောသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်အရ တနင်္သာရီတိုင်းအတွင်းရှိ မြိတ်၊ ထားဝယ်နှင့် ကော့သောင်း အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူအချို့ လွတ်မြောက်လာခဲ့သော်လည်း ၎င်းတို့အနက် နိုင်ငံရေးအ ကျဉ်းသားများ ပါဝင်ခြင်းမရှိဘဲ ခိုးဆိုးလုယက်မှုနှင့် လောင်းကစားမှုဖြင့် ကျခံနေရသူများသာ ဖြစ်ကြောင်း ပြောသည်။
ဧပြီလ ၁၇ ရက်၊ နံနက်ပိုင်းတွင် မြိတ်အကျဉ်းထောင်မှ အကျဉ်းသား ၁၃ ဦးနှင့် အကျဉ်းသူ ၂ ဦး၊ စုစုပေါင်း ၁၅ ဦး လွတ်မြောက်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ အရာရှိတစ်ဦးက အတည်ပြုသည်။
ထို့အပြင် မြိတ်မြို့နယ်အတွင်းရှိ ကျောက်ဖြူတောင် ရဲဘက်စခန်းမှ အကျဉ်းသား ၁၅ ဦးနှင့် နတ်စင်ကုန်း ရဲဘက် စခန်းမှ ၅ ဦး (ကျား ၃၊ မ ၂)၊ စုစုပေါင်း ၂၀ ဦးကိုလည်း လွှတ်ပေးခဲ့သဖြင့် မြိတ်ဒေသတစ်ခုတည်းတွင် ၃၅ ဦး လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း လွတ်မြောက်လာသူများထဲတွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်လာခြင်းမရှိသည့်အတွက် အကျဉ်းထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေသည့် မိသားစုဝင်များမှာ စိတ်ပျက်ခဲ့ကြရသည်။
အသက် ၄၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားများ၏ ဖခင်တစ်ဦးက “လွတ်လာတဲ့သူတွေထဲမှာ လောင်းကစားနဲ့ ခိုးဆိုး လုယက်မှုနဲ့ သူတွေပဲ လွတ်တာ၊ နိုင်ငံရေးအမှုနဲ့သူတွေမပါဘူး။ နှစ်ဆန်းတစ်ရက်နေ့ကို မျှော်လင့်ပြီး သားနဲ့ သမီးကို လွတ်လာမလားလို့ လာစောင့်နေတာ၊ တစ်ယောက်မှ မပါလာဘူးဗျာ” ဟု ပြောသည်။
အလားတူ ထားဝယ်အကျဉ်းထောင်တွင်လည်း အကျဉ်းသား ၉ ဦးနှင့် အကျဉ်းသူ ၂ ဦး၊ စုစုပေါင်း ၁၁ ဦး လွတ် မြောက်ခဲ့သော်လည်း ၎င်းတို့အနက် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။
ကော့သောင်း အကျဉ်းထောင်တွင်မူ အကျဉ်းသား ၂၀ နှင့် အကျဉ်းသူ ၅ ဦး၊ စုစုပေါင်း ၂၅ ဦး လွတ်မြောက်ခဲ့ ကြောင်း စစ်အစိုးရ၏ ပြန်ကြားရေးဌာနက ဆိုသည်။
စစ်အစိုးရသည် ယခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကျဉ်းသား၊ အကျဉ်းသူ ၄,၃၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၁၇၉ ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါ လွတ်ငြိမ်းခွင့်တွင် သေဒဏ်ချမှတ်ခံထားရသူများကို ထောင်တစ်သက်သို့လည်းကောင်း၊ ထောင် တစ်သက်နှင့် နှစ် ၄၀ အထက် ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့လည်းကောင်း၊ ကျန်အကျဉ်းသားများ ကို ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လျှော့ပေါ့ပေးရန် သတ်မှတ်ခဲ့သည်။
သို့သော်လည်း တော်လှန်ရေးနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား အများစုမှာမူ ယခု လွတ်ငြိမ်းခွင့်တွင် ချန်လှပ်ခံထားရဆဲ ဖြစ်သည်။