ရွေးကောက်ပွဲ နှောက်ယှက်သည်ဆိုကာ လူ ၃၃၀ ကျော် ဖမ်းဆီးထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။ 

ရွေးကောက်ပွဲကို ဆန့်ကျင်နှောင့်ယှက်သည်ဟု ဆိုကာ ဇန်နဝါရီလ ၅ ရက်နေ့အထိ ပြည်သူ ၃၃၅ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီက ထုတ်ပြန်လိုက်သည်။ 

ဖမ်းဆီးခံရသူများတွင် အမျိုးသမီး ၆၀ ဦးအထိ ပါဝင်နေပြီး ၎င်းတို့ကို သေဒဏ်အထိ ချမှတ်နိုင်သည့် ပြင်းထန် သော ဥပဒေများဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးမှုများနှင့် ပတ်သက်၍ လုံခြုံရေးအရ အမည်မဖော်လိုသည့် ရန်ကုန်မြို့ခံတစ်ဦးက အခြေအနေကို ယခုကဲ့သို့ ပြောသည်။ 

အခုက အွန်လိုင်းမှာ တစ်ခုခုရေးတာနဲ့တင် အဖမ်းခံနေရတာ။ ရွေးကောက်ပွဲကို မကြိုက်လို့ ဆန့်ကျင်တာက ပြည်သူ့အခွင့်အရေးပဲလေ။ ဒါကို သေဒဏ်အထိပေးနိုင်တဲ့ ဥပဒေတွေနဲ့ ခြိမ်းခြောက်ပြီး အတင်းမဲပေးခိုင်းဖို့ လုပ်နေတာကတော့ တရားမျှတမှု လုံးဝမရှိတဲ့ လုပ်ရပ်ပဲ။” 

စစ်ကော်မရှင်၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဇန်နဝါရီလ ၆ ရက်နေ့ အစည်း အဝေးတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သည့် ‘ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ’ ဖြင့် အမှုပေါင်း ၂၄၀ ဖွင့်လှစ်ခဲ့သည်ဟု ပြောသည်။ 

မြန်မာအမျိုးသမီး သမဂ္ဂ BWU ၏ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် တင်တင်ညိုက အခုလိုမျိုး အွန်ုလိုင်းခေတ် မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တာကို reaction ပေးတာတောင် မရတဲ့ခေတ် ဖြစ်နေတယ်။ ရွေးကောက် ပွဲ ကာကွယ်ပေးတဲ့ ဥပဒေဆိုတာက ခိုင်ခိုင်မာမာနဲ့ကို ထုတ်ပြန်ပေးခဲ့တာ။ ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့ပဲ ဆန့်ကျင် ဆန့်ကျင် ဖမ်းမယ်။ ထောင်ချမယ်ဆိုတဲ့ဟာမျိုး အကြီးလေးဆုံး အပြစ်တွေလည်း ပေးလို့ရတယ်။ သေဒဏ်လည်း ပေးလို့တယ်။ တရားစီရင်ရေး စနစ်ကလည်း စစ်တပ်အောက်မှာပဲ ရှိနေတာ ဟု ပြောသည်။

ဖမ်းဆီးခံရသူများသည် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ရေးသားခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဧရာဝတီသတင်းဌာန အမှုဆောင်အယ်ဒီတာ ဦးရဲနည်ကကန့်ကွက်ပိုင်ခွင့် ဝေဖန်ပိုင်ခွင့် မရှိဘူး ဆိုကတည်းက အဲ့ဒါ ခြိမ်းခြောက်တာပေါ့။ ခြိမ်းခြောက်ရုံတင် မကဘူး။ အဲ့လိုမျိုး ကန့်ကွက်တဲ့ ဝေဖန်တဲ့ လူတွေပါ ထောင်ချ ဖမ်းဆီးမယ် ဆိုတဲ့ဟာက ဖိနှိပ်တာပေါ့။ ဆိုတော့ ဒီဟာက ကာကွယ်ရေး ဥပဒေလို့သာ ပြောပေမယ့် ဥပဒေ မဟုတ်ဘဲနဲ့ အဲ့လိုမျိုး ဖိနှိပ်ရေးယန္တရား တစ်ခုပဲ ဖြစ်တယ်လို့ပဲ ပြောရမှာပေါ့” ဟု ပြောသည်။

စစ်ကော်မရှင်သည် ဒီဇင်ဘာလ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပခဲ့ပြီးဖြစ်ကာ ကျန်ရှိနေသည့် အပိုင်း (၂) နှင့် (၃) ကို လာမည့် ဇန်နဝါရီ ၁၁ ရက်နှင့် ၂၅ ရက်တို့တွင် ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်နေ သည်။ 

သို့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများကမူ ဤရွေး ကောက်ပွဲကို ‘အတုအယောင်’ အဖြစ် သတ်မှတ်ထားပြီး အသိအမှတ်မပြုကြောင်းနှင့် နည်းမျိုးစုံဖြင့် ဆက်လက် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း အတိအလင်း ကြေညာထားသည်။

နိုင်ငံရေးလေ့လာသူများကမူ စစ်ကော်မရှင်သည် ရွေးကောက်ပွဲကို လူထုထောက်ခံမှုရရှိရန်ထက် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် တရားဝင်မှုရှာဖွေသည့် နည်းလမ်းတစ်ခုအဖြစ်သာ အသုံးချနေခြင်းဖြစ်ပြီး၊ ပြည်သူများကို အကြောက်တရားဖြင့် ဖိနှိပ်ဖမ်းဆီးနေခြင်းမှာ ရွေးကောက်ပွဲ၏ ဂုဏ်သိက္ခာကို ပိုမိုပျက်ပြား စေကြောင်း သုံးသပ်နေကြသည်။