ကိုးကန့်တပ် ဖမ်းဆီးသွားသော အရပ်သားများ လွတ်မြောက်လာ၊ တော်လှန်ရေး တပ်များ လူ့အခွင့်အရေး မချိုးဖောက်ရန် ရှမ်းလူမှု အဖွဲ့အစည်းများက သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်။
လားရှိုးမြို့နယ်အတွင်းမှ ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြသော ရွာသားများသည် သုံးပတ်နီးပါးကြာ ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ဖမ်းဆီးသွားခဲ့သည့် ကိုးကန့်တပ် MNDAA တို့ တွေ့ဆုံဆွေးနွေးပြီး တစ်ပတ်အကြာတွင် ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
ဤဖြစ်ရပ်အပေါ် အခြေခံ၍ တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် ပြည်သူလူထုအပေါ် ဆက်ဆံရာတွင် စစ်ကော်မရှင်တပ်၏ လုပ်ရပ်များနှင့် ပုံစံတူမဖြစ်စေရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မကျူးလွန်ကြရန် ရှမ်းလူမှုအဖွဲ့အစည်းများက သတိပေး လိုက်သည်။
ရှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မန်စယ်ကျေးရွာအုပ်စုအတွင်း ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြရာမှ ဒေသခံရွာသား ၅ ဦး ကိုးကန့်တပ် (MNDAA) ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဒေသခံများ၏ ဘိုးဘွားပိုင်လယ်ယာမြေများတွင် ခွင့်ပြုချက်မရှိဘဲ ရွှေတူးဖော်နေမှုကို ကန့်ကွက်သည့် ရွာသား ၃၆ ဦးအား MNDAA က လက်နက်ဖြင့် ခြိမ်းခြောက် ဖမ်းဆီးခဲ့ပြီး နောက် အချို့အား ရိုက်နှက်စစ်ဆေးမှုများ ရှိခဲ့သည်။
ထိုလုပ်ရပ်အပေါ် သျှမ်းကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ယိင်းမွေလျန်းက တော်လှန်ရေးအဖွဲ့အစည်းများ၏ ကျင့်ဝတ်နှင့်ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက်ပြုသည်။
“တော်လှန်ရေးတပ်တစ်ခုအနေနဲ့က ဒီလိုမျိုးလုပ်တယ်ဆိုတာက စစ်ကောင်စီရဲ့လုပ်ရပ်နဲ့ အလားသဏ္ဍာန်တူပြီး မှ ဒီလိုမလုပ်သင့် မလုပ်ထိုက်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်။ တကယ်လို့ အခုဖမ်းဆီးခံရတဲ့ ပြည်သူ ၅ ဦး တစ်စုံတစ်ခု ဖြစ်သွားခဲ့မယ် ဆိုရင်တော့ နောက်ဆက်တွဲ ပိုမိုကြီးမားတဲ့ ပြဿနာဖြစ်သွားနိုင်တဲ့ အတွက်ကြောင့် မို့လို့ အမြန်ဆုံး လွတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ပြည်သူ ၄ ယောက်ကတော့ ရိုက်ခံရတယ်။ ဒဏ်ရာတွေ အများ ကြီးနဲ့ ပြန်လာတယ်။ အခုထိ ဆေးကုသမှု ခံယူနေရတယ်ပေါ့နော်။”
ရှမ်းလူမှုအဖွဲ့အစည်း ၁၁ ဖွဲ့ကလည်း တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အရပ်သားပြည်သူများကို လက်နက်ဖြင့် ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့သည် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို ဦးတည်နေသည့် တော်လှန်ရေးရည်မှန်းချက်များနှင့် ဆန့်ကျင်နေကြောင်း ထောက်ပြထားသည်။
ထို့အပြင် ဒေသခံများ၏ အကျိုးစီးပွားကို ရှေးရှု၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုကို နှောင့်ယှက်ဟန့်တားခြင်း သည် စစ်အာဏာရှင်တို့၏ နည်းလမ်းဟောင်းများသာဖြစ်ကြောင်းလည်း ဆိုသည်။
ယခုအခါ ဖမ်းဆီးခံရွာသားများ အားလုံး ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သော်လည်း MNDAA အနေဖြင့် ဒေသခံများ၏ သဘောထားကို ကျော်လွန်၍ မြေယာသိမ်းဆည်းခြင်းနှင့် ရွှေတူးဖော်ခြင်းများကို ချက်ချင်း ရပ်တန့်ရန် ရှမ်းလူမှုအဖွဲ့အစည်းများက ဆက်လက်တောင်းဆိုထားသည်။
တော်လှန်ရေး အဖွဲ့အစည်းများကြား ညီညွတ်မှုနှင့် ပြည်သူ့ထောက်ခံမှု ရရှိစေရန်အတွက် ပြည်သူလူထု၏ အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် ကျူးလွန်ခဲ့သည့် နစ်နာမှုများအတွက် တာဝန်ခံမှု ရှိစေရန်လည်း တိုက်တွန်းထားသည်။