မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်များ လက်နက်ကြီးကျည်များ ကျရောက်၊ အရပ်သား ၃ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်။ 

မြစ်ကြီးနား လေဆိပ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးကျည်များ ကျရောက်ကာ ကလေးငယ် အပါအဝင် အရပ်သားပြည်သူ ၃ ဦး ထိမှန်ဒဏ်ရာရခဲ့သည်။ 

ကချင်ပြည်၊ မြစ်ကြီးနားမြို့ရှိ အများပြည်သူသုံး လေဆိပ်အတွင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ ည ၈ နာရီခွဲခန့်တွင် မြစ်ကြီးနားလေဆိပ်မှ မန္တလေးသို့ ထွက်ခွာရန် ပြင်ဆင်နေ သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ATR-72-600 အမျိုးအစား ခရီးသည်တင် လေယာဉ် တစ်စင်း ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ 

အဆိုပါ တိုက်ခိုက်မှုကြောင့် လေယာဉ်၏ ကိုယ်ထည်နှင့် အမြီးပိုင်းတို့တွင် ဗုံးစထိမှန်ပျက်စီးခဲ့ပြီး မြစ်ကြီးနား လေကြောင်းလိုင်းကို သုံးလခန့် ရပ်နားထားရမည်ဖြစ်ကြောင်း လေဆိပ်တာဝန်ရှိသူများက အတည်ပြုသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၁ နာရီဝန်းကျင်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ဘက်မှ လက်နက်ကြီးများ ပြန်လည်ပစ်ခတ်ခဲ့ရာ မြစ်ကြီးနားမြို့ပေါ်ရှိ စီတာပူနှင့် ရွှေညောင်ပင်ရပ်ကွက်များအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ 

စီတာပူရပ်ကွက် (၄) အတွင်း လက်နက်ကြီးကျည် ကျရောက်မှုနှင့်ပတ်သက်၍ ဒေသခံအမျိုးသားတစ်ဦးက မြေပြင်အခြေအနေကို ယခုကဲ့သို့ ပြောသည်။

စီတာပူအပိုင်းကို လက်နက်ကြီးကျတာပါ။ သားအမိနှစ်ယောက်နဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကြားတယ်။ အိမ်တွေလည်း ထိခိုက်ပျက်စီးတာလည်း ရှိတယ်။ မနေ့ညက လေဆိပ်မှာ ပေါက်ကွဲသံတွေ ကြားပြီးနောက်ပိုင်း မပခ ဘက်ကနေ လက်နက်ကြီးတွေ ပစ်ခတ်သံတွေ ဆက်တိုက်ကြားခဲ့နေရတယ်။

စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီးဌာနကမူ အဆိုပါ ဒရုန်းတိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်များက အသေခံ ဒရုန်းဟုခေါ်သော FPV Suicide Drone များအသုံးပြု၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲ ထုတ်ပြန်ထားသည်။ 

သို့သော်လည်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KIA အနေဖြင့် ရန်သူမရှိသည့်နေရာနှင့် စစ်ရေး ပစ်မှတ်မဟုတ်သော အရပ်သားနေရာများကို ပစ်ခတ်လေ့မရှိကြောင်း ငြင်းဆိုထားသည်။

ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူများကမူ ယခုဖြစ်စဉ်သည် စစ်ကော်မရှင်က ၎င်းတို့ဖော်ဆောင်လိုသည့် မြစ်ဆုံစီမံကိန်းအတွက် ပြည်သူလူထု၏ အားပေးထောက်ခံမှုရရှိရန်နှင့် KIA/PDF များအပေါ် နိုင်ငံတကာ အမြင်တွင် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ဇာတ်ဖန်တီးခြင်း ဖြစ်နိုင် ကြောင်း သုံးသပ်ကြသည်။ 

၎င်းတို့၏ အဆိုအရ KIA ပူးပေါင်းတပ်များအနေဖြင့် တိုက်ခိုက်မည်ဆိုပါက အရပ်သားလေဆိပ်ထက် စစ်ရေး ပစ်မှတ်များကိုသာ ဦးတည်လိမ့်မည်ဟု ဆိုသည်။

မြစ်ကြီးနားမြို့ပေါ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုမှာ စစ်အာဏာသိမ်းပြီး ၅ နှစ်တာအတွင်း ယခု အကြိမ်သည် ပထမဆုံးဖြစ်ပြီး၊ လက်ရှိတွင် ဝိုင်းမော်မြို့နယ် အတွင်း၌လည်း စစ်ကော်မရှင်တပ်နှင့် KIA ပူးပေါင်းတပ်များအကြား တစ်နှစ်ကျော်ကြာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။