ထန်တလန်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၆ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်။
ချင်းပြည်၊ ထန်တလန်တွင် စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ဦး သေဆုံးခဲ့ သည်ဟု ဒေသခံများက ပြောသည်။
ချင်းပြည် အတွင်းရှိ တိုက်ပွဲများတွင် အရာရှိများ အပါအဝင် အင်အားအလုံးအရင်းဖြင့် အထိနာနေသည့် စစ်ကော်မရှင် တပ်သည် အရပ်သားကျေးရွာများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် တိုက်ခိုက်နေပြီး ဖေဖော် ဝါရီ ၁၀ ရက်နေ့က ထန်တလန်မြို့နယ်အတွင်း ဗုံးကြဲမှုကြောင့် အပြစ်မဲ့ပြည်သူ ၆ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
CDF ထန်တလန် အဖွဲ့တာဝန်ရှိသူက “အိမ်အသစ်ဆောက်နေတဲ့ နေရာနားမှာ ကျတာ။ သူက ဘောလုံးကွင်း နား ပဲ။ အခုထိတဲ့လူတွေက အိမ်ဆောက်နေတဲ့လူတွေပါ။ ဒဏ်ရာရသူတွေထဲက တစ်ယောက် ထပ်သေသွားတော့ အခုဆိုရင် စုစုပေါင်း ၆ ယောက်အထိ ရှိလာပြီ။ ဒဏ်ရာပြင်းထန်တဲ့ သူတွေလည်း ရှိတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁၀ ရက်၊ နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်က ထန်တလန်မြို့နယ်၊ တလန်ခွာကျေးရွာရှိ ဘောလုံးကွင်းအနီးသို့ ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ဒေသခံ ၅ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများထဲမှ တစ်ဦးမှာ ထပ်မံသေဆုံးသွားခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၆ ဦး ရှိလာခြင်း ဖြစ်သည်။
ချင်းသတင်းရင်းမြစ်များ၏ အဆိုအရ စစ်ကော်မရှင်တပ်သည် မကြာသေးမီက ဖလမ်းမြို့နယ်ဘက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အရာရှိကြီးများ အပါအဝင် တပ်ဖွဲ့ဝင် ၂၀၀ ကျော်အထိ အကျအဆုံးများကာ စစ်ရေးအရ အရှုံးကြီးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ထိုသို့ စစ်မြေပြင်တွင် အထိနာနေခြင်းကြောင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် အငြိုးတကြီး လက်စားချေ တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဒေသခံများက ယူဆနေကြသည်။
ထို့ပြင် ချင်းပြည် တောင်ပိုင်းရှိ မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ်များကိုလည်း ပြီးခဲ့သည့် ရက်ပိုင်းကပင် စစ်ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း မတူပီမြို့တွင် ဆော့ကစားနေသည့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည့်အပြင် ဘုရားကျောင်းများနှင့် လူနေအိမ်များစွာလည်း ထိခိုက်ပျက်စီးခဲ့ရသည်။
လက်ရှိတွင် ချင်းပြည် တစ်ဝန်း၌ စစ်ကော်မရှင်က လေကြောင်း အင်အားကို အလွန်အကျွံသုံးကာ တိုက်ခိုက်မှု များ တိုးမြှင့်လုပ်ဆောင်နေသဖြင့် ဒေသခံပြည်သူများမှာ လုံခြုံဘေးကင်းသည့် နေရာများသို့ တိမ်းရှောင်နေ ကြရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပိုမိုလိုအပ်လျက်ရှိသည်။