ဖားကန့်တွင် KIO မြို့နယ်မှူး ဓားဒဏ်ရာများဖြင့် သေဆုံးနေ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်။
ကျောက်စိမ်းမြေ ဖားကန့်ဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ မြို့နယ်မှူးတစ်ဦး ဓားဒဏ်ရာ အမြောက် အမြားဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး၊ အလောင်းကို ကျောက်လုပ်ကွက်ဟောင်း ရေကန်တစ်ခုအတွင်း၌ ပြန်လည်တွေ့ရှိခဲ့သည်။
သတ်ဖြတ်ခံရသူမှာ ဖားကန့်မြို့နှင့် သုံးမိုင်ခန့်အကွာ ဆိုင်းတောင်မြို့၏ KIO မြို့နယ်မှူး အသက် ၄၀ အရွယ် ဦးဆိုင်းအောင်နန် ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ဇွန်လ ၂၉ ရက် နံနက်ပိုင်းက ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင် ကျေးရွာ ဆုတောင်းကုန်းအောက်ခြေရှိ ကျောက်လုပ်ကွက်ဟောင်း ရေကန်တစ်ခုအတွင်း၌ ပြန်လည်တွေ့ရှိခဲ့ ခြင်း ဖြစ်သည်။
မြေပြင်မှ ရရှိထားသော ရုပ်ပုံမှတ်တမ်းများအရ ဦးဆိုင်းအောင်နန်၏ ရုပ်အလောင်းတွင် ဦးခေါင်းနောက်စေ့ ကွဲအက်ဒဏ်ရာ၊ ညာဘက်ပါးနှင့် ညာဘက်လက်တို့တွင် ဓားဖြင့် ခုတ်ဖြတ်ခံထားရသည့် ပြတ်ရှဒဏ်ရာ အပြင်းအထန် ရရှိထားသည်ကို တွေ့ရသည်။
ဖားပြင်ဒေသခံအမျိုးသားတစ်ဦးက “ဒီဘက်မှာက သတ်ဖြတ်မှုတွေ ခဏခဏ ဖြစ်နေတော့ ပထမက လူသေ လောင်း တွေ့တယ်ဆိုပြီး သွားကြည့်ကြတာ။ သေချာကြည့်မှ ဆိုင်းတောင်ဘက်က မြို့နယ်မှူး ဖြစ်နေတယ်။ ခေါင်းနောက်စေ့ကော၊ ပါးတွေကောမှာ ဓားဒဏ်ရာတွေ အများကြီးပဲ။ ဒေသခံတွေလည်း စိုးရိမ်တာ ရှိတာပေါ့ နော်” ဟု ပြောသည်။
သတင်းရင်းမြစ်များ၏ အဆိုအရ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က ဦးဆိုင်းအောင်နန်၏ နေအိမ်သို့ ၎င်း၏တပည့် ဖြစ်သူ မုန်းဂျက်အောင် အပါအဝင် လူနှစ်ဦး ရောက်ရှိလာပြီး၊ မြေယာပြဿနာတစ်ခု ဖြေရှင်းပေးရန် လာရောက် ခေါ်ဆောင်သွားခဲ့ပြီးနောက် ယခုကဲ့သို့ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
KIO နှင့်နီးစပ်သူ တစ်ဦးက “သူက အုပ်ချုပ်ရေးပိုင်းက အရာရှိတစ်ဦး ဖြစ်ပါတယ်။ အမှုကိစ္စ သွားဖြေရှင်းပေး တဲ့ နေရာမှာပဲ အသတ်ခံလိုက်ရပြီး ရေကန်ထဲ အလောင်းဖျောက်ဖို့ စွန့်ပစ်ခံထားရတာပါ။ လာခေါ်သွားတဲ့ သူတွေကပဲ ကျူးလွန်တာလို့ ယူဆရတယ်” ဟု ပြောသည်။
လက်ရှိတွင် လူသတ်မှု၌ ပူးပေါင်းပါဝင်သည်ဟု သံသယရှိသူတစ်ဦးကို KIA ဘက်က ဇွန်လ ၂၉ ရက်နေ့ ညပိုင်း တွင် ဖမ်းဆီးရမိထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသော်လည်း၊ အဓိက တရားခံဟု ယူဆရသည့် တပည့် ဖြစ်သူ မုန်းဂျက်အောင်မှာမူ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။
ဖားကန့်ဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြီးခဲ့သည့်နှစ်လယ်ပိုင်းမှစ၍ နယ်မြေအများစုနှင့် ကျောက်စိမ်းလုပ်ကွက်များကို အဓိက ထိန်းချုပ်ကာ အခွန်ကောက်ခံနေသည့် နယ်မြေဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် ဖားကန့်၌ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်တပ်က အင်အား ဆက်တိုက် ဖြည့်တင်းနေသဖြင့် စစ်ရေးတင်းမာမှုများ ရှိနေသည်။
ဖားကန့်အခြေစိုက် ကချင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KPDF) တာဝန်ရှိသူတစ်ဦးက “လတ်တလော ဖားကန့်မှာ တိုက်ပွဲတွေ ငြိမ်နေတယ်ဆိုပေမယ့် စစ်တပ်ဘက်က အင်အားတွေ ဆက်တိုက် ဖြည့်နေတယ်။ ဘယ်အချိန်မဆို တိုက်ပွဲတွေ ပြန်ပြင်းထန်လာနိုင်တဲ့ အနေအထားမို့ ဒေသခံတွေအနေနဲ့ လုံခြုံရေး အထူးသတိထားကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
ဖားကန့်မြို့နယ်အတွင်းတွင် စစ်ရေး၊ နိုင်ငံရေး တင်းမာမှုများနှင့်အတူ မကြာခဏ လုပ်ကြံသတ်ဖြတ်မှုများ ဖြစ် ပွားလေ့ရှိသည့်အပြင်၊ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်း နမ့်မှော်ကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၅ ဦး သေဆုံးကာ အများအပြား ပျောက်ဆုံးနေသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။