ရုရှားအတွင်းပိုင်းကို ပစ်ခတ်နိုင်စွမ်းရှိသည့် ဒုံးကျည်များ ယူကရိန်းသို့ ပို့ရန် အမေရိကန် အတည်ပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။
လာမည့် ရက်သတ္တပတ်နည်းငယ် အတွင်းတွင် ထောင်နှင့်ချီသော အမေရိကန်လုပ် ဝေဟင်မှ မြေပြင်ပစ် ပဲ့ထိန်း ဒုံးကျည်များကို ယူကရိန်းသို့ ပေးပို့ရန် ဝါရှင်တန်က အတည်ပြုလိုက်သည်။
ERAM ဟု ခေါ်သော ပစ်ခတ်မှု အကွာအဝေး တိုးမြှင့်ထားသည့် တိုက်ခိုက်ရေး ဒုံးကျည် (Extended Range Attack Munitions) များသည် ကုန်ကျစရိတ်သက်သာပြီး တိုက်ခိုက်မှု စွမ်းရည်အသစ်ကို ရစေမည် ဖြစ်သည်။
အဆိုပါ ဒုံးကျည်များသည် ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များ ဖြစ်ပြီး ယူကရိန်းအနေဖြင့် ရုရှားနိုင်ငံ အတွင်းပိုင်း တွင် ရှိသော ပစ်မှတ်များကို ပစ်ခတ်နိုင်စွမ်းရှိလာတော့မည် ဖြစ်သည်။
ယခု ပေးပို့မည့် ERAM ဒုံးကျည် ၃၃၅၀ သည် ခရုဇ် ဒုံးကျည်စနစ်နှင့် ပေါင် ၅၀၀ ဗုံးများ ပူးတွဲထားခြင်းဖြစ်ပြီး မိုင် ၁၅၀ မှ ၂၈၀ အတွင်း ပစ်မှတ်များကို ပစ်ခတ်နိုင်မည် ဖြစ်သည်။
ရုရှား၏ ကာကွယ်ရေး စနစ်များ၊ အတွင်းဘက်ကျသော စစ်တပ်သုံး ပစ္စည်း သိုလှောင်ရုံများ၊ တံတားများ၊ ကွပ်ကဲရေး စခန်းများနှင့် ရေတပ် အခြေစိုက် စခန်းများကို တိုက်ခိုက်နိုင်စွမ်း ရှိလာမည် ဖြစ်ပြီး တိကျမှုက ၁၀ မီတာ (၃၃ ပေ) လွဲချော်မှု အတွင်းတွင်သာ ရှိသည်ဟု ဆိုသည်။
ယခု ပေးပို့မည့် ERAM ဒုံးကျည်များနှင့် အမည်ဖော်မထားသည့် လက်နက်များ၏ တန်ဖိုးသည် အမေရိကန် ဒေါ်လာ သန်း ၈၅၀ ဖိုးရှိသည်။
ဤငွေကြေးကို ယူကရိန်း၏ ဥရောပ မဟာမိတ်များက ပေးချေပေးမည် ဖြစ်သည်။
သို့သော်လည်း အမေရိကန်က အဆိုပါ လက်နက်များကို ရုရှားနိုင်ငံအတွင်း ပစ်ခတ်ခွင့် ပြုထားမထားမှာ အတည်မပြုနိုင်သေးကြောင်း အမည်မဖော်လိုသည့် အမေရိကန် စစ်အရာရှိက Wall street Journal ကို ပြောသည်။
ယခင်ကလည်း အမေရိကန် က လှူဒါန်းထားသော တာဝေးပစ် စစ်နည်းပညာဒုံးစနစ် ATACMS များကို မူ ရုရှားနိုင်ငံအတွင်းသို့ ပစ်ခတ်ခွင့်ကို ပိတ်ပင်ထားခဲ့သည်။
ATACMS များသည် အမေရိကန်၏ ဂြိုလ်တု အချက်အလက်များကို အသုံးပြုရသဖြင့် အမေရိကန်က ခွင့်မပြု ပါက အသုံးပြုနိုင်ခြင်း မရှိပါ။
သို့သော်လည်း သမ္မတ ဇယ်လန်းစကီးက ယူကရိန်းနိုင်ငံသည် တာဝေးပစ် ဒုံးကျည်များကို ကိုယ်တိုင် ထုတ်လုပ် နိုင်စွမ်းရှိပြီ ဖြစ်ပြီး အမေရိကန်နှင့် ဥရောပ မဟာမိတ်များ၏ ခွင့်ပြုချက် မရှိလည်း ရုရှားနိုင်ငံကို ပစ်ခတ်နိုင် သည်ဟု ပြောသည်။