အင်ဒို – အမေရိကန်ပါသော ၁၃ နိုင်ငံ စစ်လေ့ကျင့်ရေး ပြုလုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်။ 

အင်ဒိုနီးရှားနိုင်ငံတွင် အမေရိကန် ပါဝင်သော နိုင်ငံစုံ စစ်လေ့ကျင့်ရေး တစ်ခုကို လုပ်ဆောင်နေသည်။ 

အဆိုပါ လေ့ကျင့်ရေးကို ဩဂုတ်လ ၂၅ ရက်နေ့ တနင်္လာနေ့တွင် စတင်ခဲ့ပြီး စက်တင်ဘာလ ၄ ရက်နေ့အထိ လုပ်ဆောင်သွားမည် ဖြစ်သည်။ 

အမေရိကန်က တရုတ်၏ ခြိမ်းခြောက်မှု ကြီးမားလာသည်ဟု မြင်နေချိန်တွင် ယခု ပြုလုပ်သော စစ်လေ့ကျင့် ရေးကို အာရှပစိဖိတ်ဒေသ တည်ငြိမ် လုံခြုံရေး အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြောထားသည်။ 

“Super Garuda Shield” (ဆူပါ ဂရူဒါ ရှီးလ်ဒ်) စစ်လေ့ကျင့်ရေးကို မြန်မာလို “အလွန်အစွမ်းထက်သော ဂဠုန် ဒိုင်းလွှား” ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။ 

စစ်လေ့ကျင့်မှုတွင် အင်ဒိုနီးရှားက စစ်အင်အား ၄,၀၀၀ နှင့် အမေရိကန်မှ အင်အား ၁,၃၀၀ တို့ပါဝင်ပြီး အခြား နိုင်ငံ ၁၁ နိုင်ငံမှလည်း ပါဝင်မည် ဖြစ်သည့်အတွက် စုစုပေါင်း နိုင်ငံ ၁၃ နိုင်ငံ ပါဝင်မည်ဖြစ်သည်။ 

အိမ်ရှင် အင်ဒိုနီးရှားနှင့် အမေရိကန် စစ်တပ်များအပြင် ဩစတြေးလျ၊ ဂျပန်၊ စင်္ကာပူ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ယူကေနိုင်ငံနှင့် အခြား နိုင်ငံအချို့ ပါဝင်သည်။ 

အိန္ဒိယ၊ ပါပူဝါ နယူးဂီနီ နှင့် တီမောလက်ရှ်တေး နိုင်ငံတို့က လေ့လာသူများ စေလွှတ်ခဲ့သည်။ 

ထူးခြားသည်မှာ ယခုနှစ်တွင် ဂျပန်နိုင်ငံက ကျည်း၊ ရေ၊ လေ လှုပ်ရှားမှု သုံးခုလုံးတွင် ပထမဆုံးအနေဖြင့် အပြည့်အဝ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံသည် အာရှ – နေတိုး (Asia – NATO) အဖွဲ့ ဖွဲ့စည်းရန် ပြင်ဆင်ခြင်း ဖြစ်သည်ဟု စွပ်စွဲထားပြီး အမေရိကန်ကမူ ယခုစစ်ရေးလေ့ကျင့်မှုမှာ တရုတ်နိုင်ငံကို  ရည်ရွယ်လုပ်ဆောင်ခြင်း မရှိဟု ငြင်းဆိုထားသည်။ 

ယခု စစ်ရေး လေ့ကျင့်မှုတွင် ကျည်း၊ ရေ၊ လေ တပ်ဖွဲ့များ ဟန်ချက်ညီ ပူးပေါင်းတိုက်ပွဲဝင်မှုကို လေ့ကျင့်ခြင်း ဖြစ်ပြီး လေထီးခုန်ခြင်း၊ ကမ်းတက်ခြင်း အပြင် အနောက်ဆူမာထရားနှင့် အခြားဒေသများရှိ ကျွန်းများကို ပြန်လည် သိမ်းယူသည့် နမူနာ စစ်ရေး လေ့ကျင့်မှု ဖြစ်သည်။ 

ဤစစ်လေ့ကျင့်ရေးကို ၂၀၀၉ ခုနှစ်က စတင်ကာ နှစ်စဉ် လုပ်ဆောင်ခဲ့သော်လည်း ယခုနှစ် လေ့ကျင့်မှုမှာ အကြီးမားဆုံး ဖြစ်သည်။