မြိတ် အားကစားကွင်း အရှေ့ဖက် မှ ဆိုင်ခန်းများ နစ်နာကြေးမပေးပဲ ဖယ်ရှားခိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ မြို့မအားကစားကွင်း အရှေ့ဘက်တွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့သော ဆိုင်ခန်းတွဲပေါင်း ၃၀ နီးပါးကို အားကစားဝန်ကြီးဌာန၏ အမိန့်ဖြင့် နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ အပြီးသတ် ဖယ်ရှားပေးရန် အဓမ္မစေခိုင်းခံနေရသည်ဟု ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။ 

အဆိုပါ ဖယ်ရှားမှုသည် မြို့မအားကစားကွင်းကို အဆင့်မြင့် တိုးချဲ့ဆောက်လုပ်မည့် စီမံကိန်းကြောင့်ဖြစ်ကြောင်း သိရှိရပြီး၊ နှစ်ရှည် စာချုပ်စာတမ်းဖြင့် တရားဝင် ဝယ်ယူထားသူများအနေဖြင့် နစ်နာကြေး တစ်စုံတစ်ရာ မရဘဲ ရုတ်တရက် ဖယ်ရှားခံရသည်ဟု ဆိုင်ခန်း ပိုင်ရှင်များက ပြောသည်။ 

ဖယ်ရှားခံရမည့် ဆိုင်ခန်းတွဲများတွင် အိမ်သုံးပစ္စည်းအမျိုးမျိုး၊ လျပ်စစ်ပစ္စည်းဆိုင်များ၊ အထည်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ ကား/လေယာဉ် လက်မှတ်အရောင်းဆိုင်များနှင့် အစားအသောက်ဆိုင်များ ပါဝင်သည်။ 

ဆိုင်ခန်းပိုင်ရှင် အများစုသည် နှစ် ၃၀ စာချုပ်ဖြင့် တရားဝင် ရောင်းချဝယ်ယူထားခြင်းဖြစ်ပြီး၊ အချို့မှာ စာချုပ် သက်တမ်း ပြည့်ရန် လေးနှစ်ခန့်လိုသေးသည်ဟု ဆိုသည်။

အသက် ၅၀ ခန့်အရွယ် ဆိုင်ခန်းပိုင်ရှင် အမျိုးသားတစ်ဦးက တရားဝင် နှစ်ရှည်စာချုပ်နဲ့ ဝယ်ထားတာပါ၊ နှစ်ပြည့်အောင် မစောင့်ဘဲ ချက်ခြင်းကြီး မောင်းထုတ်တာက အတော်လေး လွန်တယ်ဗျာ၊ တဆင့်ငှားရမ်းတဲ့ သူတွေကတော့ ထားပါတော့၊ စာချုပ်စာတမ်းနဲ့ တရားဝင် ဝယ်ထားတဲ့သူတွေမှာ အရမ်း နစ်နာပါတယ်၊ အာ ဏာကြီးနဲ့အချိန် ဆယ်ရက်လောက်နဲ့ ဖယ်ခိုင်းတာဆိုတော့ ဖယ်ပေးရမှာပေါ့လေ ဟု ပြောသည်။

ဆိုင်ခန်းများကို ဖယ်ရှားပေးရန် မြို့နယ်အားကစားဦးစီးဌာနမှ ပေးပို့သော အကြောင်းကြားစာတွင်လည်း အခန်း ပိုင်ရှင်များအား နစ်နာကြေးအတွက် တစ်စုံတစ်ရာ ပြန်ပေးရန် ဆိုသည်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

ဆိုင်ခန်းတွဲနေရာများကို ဖြိုဖျက်ပြီးနောက် မြို့မအားကစားကွင်းကို အဆင့်မြင့် တိုးချဲ့ဆောက်လုပ်သွားမည် ဖြစ်ကြောင်း မြို့ခံများက ပြောဆိုသည်။

ထိုစီမံကိန်းသည် စစ်ကော်မရှင်ခေါင်းဆောင် မြိတ်မြို့သို့ လာရောက်ခဲ့စဉ်က မြိတ်မြို့မအားကစားကွင်းကို တိုးချဲ့ဆောက်လုပ်ရန်နှင့် မြိတ်လေယာဉ်ကွင်းကိုပါ တိုးချဲ့ရန်အတွက် ပြောဆိုသွားခဲ့ခြင်းနှင့် ဆက်စပ်မှုရှိသည်ဟု မြို့ခံများက ယူဆနေကြသည်။

ဒေသအတွင်း အုပ်ချုပ်ရေး အာဏာတည်ငြိမ်မှု မရှိသေးသည့် ကာလတွင် နှစ်ရှည်စာချုပ်ဖြင့် ရင်းနှီးမြှုပ်နှံထား သည့် ပြည်သူများအား အချိန်တိုအတွင်း နစ်နာကြေးမပါဘဲ ဖယ်ရှားခိုင်းခြင်းသည် အာဏာသုံး ဖိအားပေးမှုသာ ဖြစ်ပြီး၊ တရားဥပဒေ စိုးမိုးရေးအရ မသင့်လျော်ဟု ဆိုင်ခန်းပိုင်ရှင်များက ထောက်ပြဝေဖန်လျက်ရှိသည်။