မိုးကုတ် သယံဇာတများ TNLA က တတ်စွမ်းသလောက် ထုတ်ယူသွားဟု ဒေသခံများပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်။
တအာင်းတပ် TNLA ထိန်းချုပ်မှု နောက်ဆုံးအချိန်အထိ မြို့၏ အဖိုးတန်သယံဇာတများကို “အလွန်အကျွံ” ထုတ်ယူခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများ သိမ်းယူခြင်းတို့ကြောင့် မြို့၏ အမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင် “ပြင်းထန်စွာ” ထိခိုက်ပျက်စီးခဲ့ရကြောင်း မြို့ခံများက ပြောသည်။
စစ်ရေးအရ သိမ်းယူထားသော မြို့ကို စွန့်ခွာချိန်တွင် မိုးကုတ်မြို့သည် ‘အခွံသက်သက်’ သာ ကျန်ရှိတော့မည့် အခြေအနေကို “ရင်နာစရာ” မြင်တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။
TNLA က မိုးကုတ်မြို့ကို သိမ်းယူထားသည့် ကာလတစ်လျှောက်လုံး၊ ၎င်းတို့နှင့် အဆက်အသွယ်ရှိသော တရုတ်ကုမ္ပဏီများနှင့် မဟာမိတ် ကိုးကန့်ဒေသမှ လုပ်ငန်းများကို ပတ္တမြားမြေတွင် ကျောက်တူးဖော်ခွင့်များ ချထားပေးခဲ့သည်။
ယခင်က တူးဖော်ခြင်းမရှိသည့် မြို့ရှိ ဂေါက်ကွင်းနှင့် ပတ်ဝန်းကျင် ဒေသများတွင်ပင် ကျောက်တူးဖော်မှုအား “အရှိန်အဟုန်ဖြင့်” ပြုလုပ်ခဲ့ခြင်းကို ဒေသခံများက ထောက်ပြကြသည်။
အပစ်အခတ်ရပ်စဲရေးအရ တအာင်းတပ် TNLA က မြို့မှ ဆုတ်ခွာရန် နီးကပ်လာသော နောက်ဆုံးအချိန်အထိ တရုတ်ကုမ္ပဏီများက ဂေါက်ကွင်းတွင် ကျောက်တူးဖော်မှု အရှိန်မြှင့်တင် လုပ်ကိုင်ခဲ့သည်။
မိုးကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက “ကျမတို့ မြို့ရဲ့ ဂေါက်ကွင်းလည်း ကုန်ပြီ ရစရာကို မရှိတော့ဘူး။ ကျမတို့ရဲ့ ဒီဂေါက်ကွင်းကြီးကိုပါ ကျောက်တူးခွင့် ပေးခဲ့တာက ကျမတို့ ဒေသခံတွေရဲ့ မျက်နှာကို လုံးဝ မထောက်ခဲ့တဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်ပဲ။ ဒီလိုဆုံးရှုံးမှုက ငွေနဲ့ ပြန်ဝယ်လို့ မရနိုင်ဘူး” ဟု ပြောသည်။
ဒေသခံကျောက်တူးသမားများကိုပါ ထုတ်ယူခွင့်ပေးမှု အနည်းငယ်ရှိခဲ့သည် ဆိုသော်လည်း အများစုမှာ တရုတ်ကုမ္ပဏီများကသာ လုပ်ကွက်ရရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကျောက်တူးဖော်ရေး လုပ်ကွက် များတွင်လည်း ဒေသခံများကို ခေါ်ယူငှားရမ်းခြင်းပင် မရှိခဲ့ဟု ဆိုသည်။
တအာင်းတပ် TNLA ဆုတ်ခွာချိန်တွင် သဘာဝသယံဇာတများ အပြင် မြို့လယ်ရှိ ပြည်သူပိုင်ပစ္စည်းများ၊ ဌာနဆိုင်ရာ ပရိဘောဂများနှင့် သစ်တောထွက် ပစ္စည်းများကိုပင် ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ထောက်ပြသည်။
မြို့၏ စိမ်းစိုသော အမွေအနှစ်များကိုပါ ထိခိုက်ခဲ့သည့်အပေါ် ပြည်သူများက ရင်နာနေရသည်ဟု ဆိုသည်။
မိုးကုတ်မြို့ခံ တစ်ဦးက “နောက်ဆုံး ကုန်ကုန်ပြောရရင်တော့ သစ်တောဆို သစ်တောဌာနမှာစိုက်တဲ့ ကျွန်းပင် ကစ ခုတ်လှဲပြီး ယူသွားတာမျိုး ဒါကျတော့ ရုပ်ဆိုးတဲ့ အပိုင်းတွေဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ တအာင်းတပ် TNLA ပြောခွင့်ရ လွေးယေဦးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
အခြားဒေသခံတစ်ဦးကလည်း “ဒီလိုမျိုးကြီး ပေးလိုက်တယ်ဆိုတာ ပြည်သူလည်း အခုလက်ရှိ မိုးကုတ်၊ မိုးမိတ် ကို ပေးလိုက်တဲ့ ပြည်သူလူထုတွေလည်း မျက်နှာမထောက် သူတို့ရဲ့လူမျိုးအတွက်ပဲ သူတို့လုပ်သွားတယ်လို့ ထင်တယ်” ဟု ပြောသည်။
TNLA ၏ လုပ်ဆောင်မှုများကို တားမြစ်၍ မရနိုင်သောကြောင့် “ရင်နာနာဖြင့်” လက်ပိုက်ကြည့်နေရသည် ဟုလည်း မြို့ခံများက ပြောသည်။
နိုဝင်ဘာလ နောက်ဆုံးပတ်ထိ မြို့ခံလူဦးရေ ထက်ဝက်ကျော်သည် စစ်ကော်မရှင်၏ ထိုးစစ်အသစ်နှင့် ဗုံးကြဲ တိုက်ခိုက်မှုများကို စိုးရိမ်သဖြင့် ဆက်လက် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
မြို့ကို ပြန်လည်လွှဲပြောင်းပေးခြင်းကြောင့် လုံခြုံရေး မတည်ငြိမ်မှုများအပြင် သယံဇာတ ထုတ်ယူမှုကြောင့် ပျက်စီးသွားသော ပတ်ဝန်းကျင်နှင့် စီးပွားရေးအခက်အခဲများကိုပါ ရင်ဆိုင်ကြုံတွေ့နေရသော မိုးကုတ် ဒေသခံများသည် မျှတမှုရှိသော အုပ်ချုပ်မှုနှင့် လုံခြုံရေးကိုသာ အဓိက မျှော်လင့် တောင်းဆိုနေကြသည်။