လွိုင်ကော်ထောင် အကျဉ်းသားများအား မဲထည့်ခိုင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်။
စစ်ကော်မရှင်က လွိုင်ကော်ထောင်ရှိ အကျဉ်းသားများအား ဖိအားပေးပြီး မဲမသာမှု လုပ်ဆောင်နေသည်ဟု ကရင်နီ နိုင်ကျဉ်း များ အဖွဲ့က စွပ်စွဲပြောဆိုသည်။
ကရင်နီပြည်၊ လွိုင်ကော်အကျဉ်းထောင်တွင် စစ်ကော်မရှင်က အကျဉ်းသားများကို မဖြစ်မနေ မဲပေးရန် ဖိအားပေးခဲ့သည်ဟု ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA) က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။
လွိုင်ကော်အကျဉ်းထောင်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အချုပ်သားနှင့် အကျဉ်းသား စုစုပေါင်း ၇၀၀ ကျော်အား မဲပေးရန် စေခိုင်းခဲ့ခြင်း ဖြစ်သည်ဟု KPPA က ဆိုသည်။
KPPA ပြောရေးဆိုခွင့်ရှိသူက “သတိထားရမယ့် အချက်က ပြစ်ဒဏ်ချမှတ်ခံရသူက မဲပေးပိုင်ခွင့် မရှိဘူး။ အဲ့ဒါ အပြင် ပြစ်ဒဏ်ချမှတ်ခံရသူတွေရဲ့ နာမည်တွေကလည်း မဲစာရင်းမှာ မရှိဘူး။ ဆိုတော့ ဒီလိုကိစ္စကို ဗမာ့ တပ်မတော် က သိုသိုဝှက်ဝှက် လုပ်နေတာက နိုင်ငံရေး ရွှေ့ကစားဖို့အတွက်၊ မဲမသာမှုကိစ္စတွေ ဆောင်ရွက်ဖို့ အတွက် ကြိုတင်ကြံစည်ခြင်းပဲ ဖြစ်တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
အကျဉ်းသားများအား မဲပေးခိုင်းရာတွင် ပါတီတစ်ခုတည်းကိုသာ ပေးရန် ဖိအားပေးမှု ရှိ/မရှိ မေးမြန်းရာတွင်မူ ပါတီရွေးချယ်ခိုင်းသည့် ဖိအားပေးမှုမျိုး မကြားရသော်လည်း ‘မဲမပေးရင် မနေရဘူး’ ဆိုသည့် ပုံစံဖြင့် အတင်းအကြပ် စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း KPPA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“အဲ့လိုမျိုးတော့ မကြားမိဘူးပေါ့နော်။ ဒါပေမယ့် မဲမပေးရင် မနေရဘူးဆိုတဲ့ ပုံစံနဲ့ အတင်းအကြပ်ပေးခိုင်းတာ ပေါ့နော်” ဟု KPPA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
KPPA က အကျဉ်းကျခံနေရသူများအား မဖြစ်မနေ မဲပေးခိုင်းခြင်းသည် စစ်ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ပြီး၊ တစ်နည်းအားဖြင့် တရားမျှတစွာ မဲပေးပိုင်ခွင့် ဖြစ်သည့် နိုင်ငံသား အခွင့်အရေးကိုလည်း စော်ကားလိုက်ခြင်းပင် ဖြစ်သည်ဟု ဖော်ပြထားသည်။
KPPA သည် စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ၎င်းတို့ ၏ နိုဝင်ဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အပြင် ရွေးကောက်ပွဲ၌ ပြည်သူ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် မောင်သက်မှူးအောင် ကိုလည်း အဖွဲ့ဝင်အဖြစ် မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာထားသည်။
KPPA ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ယူဆမိုဆို ကျေးရွာ၌ ပထမအကြိမ်မြောက် နိုင်ကျဉ်းဟောင်းများဆိုင်ရာ ညီလာခံ ကျင်းပသည့်ရက်တွင် ဖွဲ့စည်းခဲ့ပြီး၊ လွတ်မြောက်လာသည့် နိုင်ကျဉ်း အားလုံးကို အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားသည်။