လွိုင်ကော်ထောင်တွင် နိုင်ကျဉ်းများ ဆေးကုသခွင့်မရ၊ ရိက္ခာများ ဖြတ်တောက်ခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။
ကရင်နီပြည် လွိုင်ကော်ထောင်အတွင်း၌ နိုင်ငံရေးအကျဉ်းသားများသည် အစားအသောက်နှင့် ဆေးဝါး မလုံလောက်မှုဒဏ်ကို ဆိုးဝါးစွာ ခံစားနေရသည်ဟု ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံး (KPPA) က ထုတ်ပြန်လိုက်သည်။
လွိုင်ကော်အကျဉ်းထောင် အတွင်း ချုပ်နှောင်ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများသည် လုံလောက်သော ဆေးဝါးကုသခွင့် မရရှိသည့်အပြင် ရပိုင်ခွင့်ရှိသည့် ရိက္ခာများကိုပါ ဖြတ်တောက်ခံနေရသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း (KPPA) က ထုတ်ပြန်လိုက်သည်။
ကရင်နီပြည်၊ လွိုင်ကော်ထောင်တွင်း တွင် နိုင်ငံရေးအကျဉ်းသား ၈၄ ဦးထက်မနည်း ကျန်ရှိနေဆဲဖြစ်ပြီး ၎င်းတို့အပေါ် ဖိနှိပ်မှု ပိုဆိုးလာနေပြီး အကျဉ်းသား ရိက္ခာများကို အာဏာပိုင်များ ပြန်လည်ရောင်းစားနေသည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။
KPPA ဒု-ဥက္ကဋ္ဌ ကိုထားဖိုးက “လွိုင်ကော်အကျဉ်းထောင်က မြန်မာစစ်တပ်အောက်မှာ ရှိနေသေးသရွေ့ အကျဉ်းသား ရပိုင်ခွင့်တွေ မတိုးမြှင့်ပေးဘူးဆိုရင် အခြေအနေက ပြောင်းလဲလာမှာမဟုတ်ဘူး။ ကျနော်တို့ နောက်ဆုံး Update ပြောရရင်တော့ သူတို့ဆီမှာ ဆေးဝါး မလုံလောက်ဘူး။ စားဝတ်နေရေးမှာလည်း ရိက္ခာ ပုံစံမျိုးတွေ ရှိသင့်သလောက် မရကြဘူး။ အကောင်းဆုံးဆိုရင်တောင် ကြက်ဥတစ်လုံးလောက်ပဲ စားခွင့်ရတဲ့ အခြေအနေမျိုးတွေ ရှိနေတယ်” ဟု ထောင်တွင်းအခြေအနေကို ပြောသည်။
ပိုမိုဆိုးရွားသည့် အချက်မှာ အကျဉ်းသားများအတွက် အရံဟင်းအဖြစ် စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက် များကို အကျဉ်းသားများအား စားသောက်ခွင့်မပေးဘဲ ထောင်အာဏာပိုင်များက ပြင်ပစျေးကွက်သို့ ထုတ်ယူ ရောင်းချနေခြင်း ဖြစ်သည်။
ထို့ပြင် ပြင်ပမှ ပေးပို့သည့် ထောင်ဝင်စာပစ္စည်းများ အပေါ်တွင်လည်း ၁၀ ရာခိုင်နှုန်းခန့် ဖြတ်ယူစားသောက်မှု များ ရှိနေသည့်အပြင် ကျန်းမာရေး မကောင်းသည့် အကျဉ်းသားများကို ဆေးခန်းပြသခွင့် အရေအတွက် ကန့်သတ်ထားသဖြင့် အရေးပေါ်လူနာများပင် ကုသခွင့်မရဘဲ ပစ်ပယ်ခံထားရသည်။
ထောင်တွင်းစီမံခန့်ခွဲမှုတွင်လည်း ထောင်အာဏာပိုင်များသည် ရဲစည်းကမ်းဖောက်ဖျက်မှု ကဲ့သို့သော အခြားအမှု များဖြင့် ကျနေသည့် အကျဉ်းသားများကို အခွင့်ထူးခံပေးကာ နိုင်ငံရေးအကျဉ်းသားများအပေါ် စောင့်ကြည့်ခိုင်း ခြင်းနှင့် နှိပ်စက်ခိုင်းခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။
“ယုံကြည်ချက်ကြောင့် မဟုတ်တဲ့ အကျဉ်းသားတွေက ဝန်ထမ်းတွေနဲ့ ပေါင်းပြီး အခြားအကျဉ်းသားတွေကို နှိပ်စက်တာမျိုး၊ စောင့်ကြည့်တာမျိုးတွေ လုပ်နေတဲ့ အခြေအနေတွေလည်း ကြုံနေရပါတယ်” ဟု ကိုထားဖိုး က ဆက်ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွိုင်ကော်အကျဉ်းထောင်တွင် ဆေးဝါးမလုံလောက်မှုနှင့် စစ်ကြောရေးဒဏ်များ ကြောင့် နိုင်ငံရေးအကျဉ်းသား ၃ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။
လက်ရှိတွင် KPPA အနေဖြင့် အဆက်အသွယ် ပြတ်တောက်နေသည့် နောက်ထပ်နိုင်ငံရေးအကျဉ်းသား ၄၀ ခန့် ၏ သတင်းအချက်အလက်ကို ရရှိနိုင်ရန် ကြိုးစားနေရဆဲဖြစ်သည်။
ကရင်နီပြည်အတွင်း တိုက်ပွဲများ ပြင်းထန်နေသော်လည်း ထောင်တွင်းရှိ နိုင်ကျဉ်းများသည် စစ်ကော်မရှင်၏ တင်းကျပ်သော ဖိနှိပ်မှုများအောက်တွင် အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးနေရဆဲ ဖြစ်သည်။