မိုးကုတ်၊ မိုးမိတ် ပြန်လည် လွှဲပြောင်းမှု လက်မခံကြောင်း NUG တရားဝင် ပြောကြား 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။ 

တရုတ်၏ ကြီးကြပ်မှုဖြင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ စစ်ကော်မရှင် တပ်ကို မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လွှဲပေးသည့် အစီအစဉ်ကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က လက်မခံကြောင်း တရားဝင် ပြောဆိုလိုက် သည်။ 

NUG သည် အဆိုပါဒေသသို့ ပြန်လည် ဝင်ရောက်လာသော စစ်ကော်မရှင်တပ်များကို ပြည်သူလူထုနှင့် လက်တွဲ ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုခဲ့ပြီး၊ လက်ရှိ တိုက်ပွဲများကြောင့် အရပ်သား သေဆုံးမှုများရှိနေ ကြောင်း ဒေသခံများက ဆိုသည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ် ပြန် ပြောဆိုခဲ့ခြင်းဖြစ်ပြီး၊ ထိုဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရေး ‘စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့’ ကို နိုဝင်ဘာလ ၉ ရက်နေ့ကပင် ဖွဲ့စည်းကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြောင်း ပြောသည်။

တအာင်းတပ် TNLA နှင့် စစ်ကော်မရှင်တပ်တို့အကြား နိုဝင်ဘာလကုန်ပိုင်းက ပြုလုပ်ခဲ့သော နယ်မြေ ပြန်လွှဲ ပေးရေး သဘောတူညီချက်ကို NUG အနေဖြင့် လုံးဝလက်မခံနိုင်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

မိုးကုတ် – မိုးမိတ် ဒေသသို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက် စစ်အုပ်စုတပ်တွေကို ပြည်သူလူထုနဲ့ လက်တွဲပြီး ရွပ်ရွပ်ချွံချွံ ဆက်လက်တိုက်ပွဲဝင်လျက် ရှိနေပြီး နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပြန်လည်ရရှိနိုင်ရေး အတွက် ဆက်လက် တိုက်ပွဲဝင်နေပါတယ်။ မိုးကုတ်မိုးမိတ်ဒေသသို့ ကျူးကျော်ဝင်လာတဲ့ စစ်အုပ်စုတပ်တွေ ကို ပြည်သူလူထုနဲ့ လက်တွဲပြီး ရွပ်ရွပ်ချွံချွံ ဆက်လက်တိုက်ခိုက်မယ့်အပြင် နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေး အတွက် စစ်ရေးအရှိန်မြှင့်သွားမယ်။” 

မိုးကုတ် – မိုးမိတ်ဒေသသည် နိုင်ငံရေးနှင့် စစ်ရေးအရ အထိမခံသော အခြေအနေဖြစ်သောကြောင့် တရားဝင် ထုတ်ပြန်ချက်များကို အဆောတလျင် မထုတ်ပြန်နိုင်ခဲ့သော်လည်း စစ်ဆင်ရေးများကို စနစ်တကျ ကွပ်ကဲ ဆောင်ရွက်ခဲ့ကြောင်း ဦးနေဘုန်းလတ်က ရှင်းပြသည်။ 

နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့အတွင်း တိုက်ပွဲကြီး ၉ ပွဲအထိ ဖြစ်ခဲ့ပြီး စစ်ကော်မရှင်၏ အရေးပါသည့် စခန်းကုန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း NUG က အတည်ပြုထားသည်။

စစ်ကော်မရှင်တပ်များ မိုးကုတ်နှင့် မိုးမိတ်မြို့များသို့ ပြန်လည် ဝင်ရောက်လာပြီးနောက် နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကာ စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှုများကိုပါ လုပ်ခဲ့သည်။

မိုးမိတ်မြို့အနီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၁၁ ဦး သေဆုံးခဲ့သည် ဟု ဒေသခံများက ပြောသည်။ 

စစ်ရေးတင်းမာမှုများကြောင့် အရပ်သားပြည်သူများမှာ လုံခြုံရေးအရ ပိုမိုစိုးရိမ်ပူပန်နေရကြောင်း ဒေသခံ တစ်ဦးက ၎င်းတို့၏ အခြေအနေကို ယခုကဲ့သို့ ပြောသည်။

အခုရက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတော့ အရပ်သားတွေက ကြားထဲက ပိတ်မိပြီး ခံနေရတာပါ။ မိုးမိတ် ဘက် ဗုံးကြဲတိုက်ခိုက်တော့ ကလေးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေပါ သေဆုံးခဲ့ရတယ်။ ဒီလို နယ်မြေ ပြန်လွှဲတာတွေကြောင့် ပြည်သူတွေရဲ့ လုံခြုံရေး ပိုဆိုးလာတာကိုပဲ မြင်ရတယ်။” 

အဆိုပါဒေသတွင်း စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကလည်း KIA ၏ မဟာမိတ်တပ်ဖွဲ့များ အပေါ် ကူညီထောက်ပံ့မည့် အခြေအနေကို ယခုကဲ့သို့ ပြောသည်။

တိုက်ပွဲ ဖြစ်လို့ ရှိရင်တော့ အမြဲတမ်းကူညီကြတဲ့ သဘောမျိုးနဲ့ ကူညီတဲ့ အနေအထားလောက်တော့ ရှိမှာပါ။ ဒါပေမယ့် လက်တွေ့ အခြေအနေကတော့ ဘယ်လောက်အထိ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာကတော့ အခုကတော့ ကျနော်က ပြောလို့တော့ အဆင်မပြေဘူးခင်ဗျာ။

မိုးမိတ်မြို့နယ်တွင် KIA တပ်ရင်းများ၊ ABSDF နှင့် PDF များ ပူးပေါင်း၍ အခြေချထားကြောင်း၊ TNLA ဆုတ်ခွာ သည့် မိုးမိတ်မြို့နှင့်ပတ်သက်၍ KIA အနေဖြင့် စစ်ရေးအရ လုပ်ဆောင်ရန် မရှိသော်လည်း မဟာမိတ်တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလာပါက ကူညီသွားမည်ဟု ဗိုလ်မှူးကြီးနော်ဘူက နိုဝင်ဘာလတွင် သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနကို ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။