မဟာမိတ်ဆက်ဆံရေး ခိုင်မာပြီး လူထု ထောက်ခံမှု ရှိမှသာ သိမ်းပိုက်မြို့ရွာများ ရေရှည်ထိန်းနိုင်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
တော်လှန်ရေး တပ်ဖွဲ့များ အကြားတွင် ပိုမို ခိုင်မာသော မဟာမိတ် ဆက်ဆံရေးနှင့် ပြည်သူများ၏ ထောက်ခံမှုကို ရရှိအောင် လုပ်ဆောင်နိုင်မှသာ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ရွာများကို ရေရှည်ထိန်းထားနိုင်မည်ဟု နိုင်ငံတကာ မြန်မာသတင်း BNI သုတေသန လုပ်ငန်းစဉ် က ပြောသည်။
နိုင်ငံတကာ မြန်မာ့သတင်း BNI ၏ မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်ရေးအဖွဲ့ BNI-MPM က ဩဂုတ်လ ၂၆ ရက်နေ့က လုပ်ခဲ့သည့် “မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကို ပုံဖော်ခြင်း ရည်ညွှန်း အကိုးအကား ၂၀၂၄-၂၀၂၅” စာအုပ်မိတ်ဆက်သည့် အခမ်းအနားတွင် BNI-MPM က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
BNI-MPM တာဝန်ခံ ကိုနှင်းကိုဦးက “ စစ်ရေးစစ်ရာက ကိုယ်ကအနိုင်ရတယ် အောင်မြင်မှုတွေရတယ် ဆိုပေမဲ့ ပြည်သူလူထုရဲ့ နှလုံးသားထဲက ထောက်ခံမှု ရရှိရေးကတော့ တော်တော်သိမ်မွေ့တဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တယ် ပေါ့နော်။ ဒါကြောင့်မို့လို့ ဒီမြို့သိမ်းဖြစ်စဉ်တွေမှာ အဓိကသိမ်းပိုက်ထားတဲ့မြို့တွေအနေနဲ့ ပြည်သူ လူ ထုရဲ့ မျက်နှာကို ကြည့်ဖို့ ပြည်သူလူထုရဲ့ ထောက်ခံမှုရရှိရေးအတွက် ကြိုးပမ်းမှုကို ဦးတည်သင့် တယ်ပေါ့ နော်။ နောက်တစ်ခုက တော်လှန်ရေး အဖွဲ့ဝင်အချင်းချင်း ပိုခိုင်မာအောင်လုပ်ဖို့ လိုအပ်တယ်ဆို တာမျိုးတွေ တွေ့ရပါ တယ်” ဟုပြောသည်။
၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တော်လှန်ရေး အဖွဲ့အစည်းများက စစ်အုပ်စု၏ နယ်မြေအများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
တိုက်ခိုက် သိမ်းပိုက်ထားသည့် ဒေသများတွင် နယ်မြေ အငြင်းပွားဆိုင်ရာ ကိစ္စရပ်များနှင့် လက်နက်ကိုင် အဖွဲ့အ စည်း အချင်းချင်းကြားတွင် သော်လည်းကောင်း၊ ဒေသခံ ပြည်သူများနှင့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အ စည်းများကြား၌ သော်လည်းကောင်း မသင့်မြတ်မှု များစွာ ရှိလာခဲ့သည်။
ထိုအခြေအနေ အောက်တွင် တိုက်ခိုက်သိမ်းပိုက်ထားသည့် နယ်မြေများကို ရေရှည်ထိန်းထားနိုင်ရေးမှာ ခက်ခဲ သည်ဟု BNI-MPM က ဆိုသည်။
တစ်ဖက်တွင်လည်း တော်လှန်ရေး အင်အားစုများ အနေဖြင့် ၎င်းတို့သိမ်းပိုက်ထားသည့် မြို့ရွာများကို ရေရှည် ထိန်းထားနိုင်ရန် စစ်ကော်မရှင်တပ်၏ လေကြောင်း တိုက်ခိုက်မှုများသည် ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ် အဖြစ်ရှိနေသည်ဟု ကိုနှင်းကိုဦးက ဆက်ပြောသည်။
“အဓိက ဒီမြို့သိမ်းဖြစ်စဉ်တွေကို ကျနော်တို့ ကြည့်လို့ရှိရင် အရင်ဆုံး ကျနော်တို့ သတိထားရမှာက တော်လှန်ရေ အင်အားစုတွေ အနေနဲ့ ထိန်းချုပ် သိမ်းပိုက်ထားတယ်ဆိုတာ တကယ်တမ်းတော့ တစ်ဖက်က ကြည့်ရင်လည်း စိန်ခေါ်မှုအများကြီးရှိတယ်။ ဥပမာ သိမ်းတာကလွယ်တယ် ဒါပေမဲ့ ရေရှည်ထိန်းချုပ် နိုင်ရေးက အများကြီးစိန်ခေါ်မှုရှိတယ်။ အဲ့ဒီထဲမှာမှ စစ်အုပ်စုရဲ့ လေကြောင်းရန်ကစိန်ခေါ်မှု အကြီးဆုံး ဖြစ်နေတာပေါ့နော်။”
လက်ရှိတွင် စစ်ကော်မရှင်တပ်သည် တော်လှန်ရေးတပ်များ ထိန်းချုပ်သိမ်းပိုက်ထားသည့် ပြည်နယ်နှင့် တိုင်းဒေ သကြီးများရှိ မြို့ရွာများကို လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင် လျက်ရှိ သည်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူလူထုများ ထိမှန်သေဆုံး ဒဏ်ရာရရှိခြင်း၊ လူနေအဆောက် အအုံ များ၊ ဆေးရုံများ၊ စာသင်ကျောင်များ၊ ဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန် ဘုရားကျောင်းများ ထိမှန်ပျက် စီးခဲ့ရသည်။
တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် နယ်မြေအချို့အား ပြန်လည်လက်လွှတ်လိုက်ရသည့် အခြေအနေကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA ပြောခွင့်ရ လွေးယေဦးက ဩဂုတ်လ ၅ ရက်နေ့ တွင် လုပ်ခဲ့သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောသည်။
“အဓိကကတော့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာ စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာကို အရပ်သားတွေကိုပဲ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်တာ အရပ်သားတွေကို ဗုံးကြဲ တိုက်ခိုက်တာ အရပ်သားတွေ သေကြေတာ ပျက်စီးစေတာ အဲ့လိုမျိုးတွေလုပ်လာတဲ့အတွက်ကြောင့် ကျမတို့ PSLF/TNLA အနေနဲ့ အရပ်သားတွေ ထိခိုက်နစ်နာမှုမရှိအောင် အရပ်သားတွေ ဒီထက်ပိုပြီးတော့မှ သေကြေ ပျက်စီးမှုမရှိအောင်ဆိုပြီမှ ဗဟိုကော်မတီကနေတစ်ဆင့် ဆုံးဖြတ်ချက်ချမှတ်ပြီးတော့မှ ပြန်လည် ဆုတ်ခွာတာ ဖြစ်ပါတယ်။ တစ်ခြားသောအကြောင်းအရာတွေကတော့ မရှိဘူးပေါ့နော်။”
ကိုးကန့်တပ်ဖွဲ့ MNDAA က လားရှိုးမြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး တရုတ်၏ ဖိအားကြောင့် ယခုနှစ် ဧပြီလတွင်း စစ်ကော်မရှင်က လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
ထို့အတူ ယခုနှစ်အတွင်း စစ်ကော်မရှင်တပ်သည် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ကို ဇူလိုင်လ ၁၅ ရက်နေ့ ၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်ကို ဇူလိုင်လ ၆ ရက်နေ့ နှင့် ဇူလိုင်လ ၂၂ရက်နေ့၌ မန္တလေးတိုင်းရှိ သပိတ်ကျင်း စသည့်မြို့များကို ပြန်လည်သိမ်းပိုက် နိုင်ခဲ့သည်။
BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ စစ်အာဏာသိမ်းမှု လေးနှစ်တာကာလအတွင်း တော်လှန် ရေး အင်အားစုများက မြို့ပေါင်း ၉၅ မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။
လေးနှစ်ကျော် ကြာမြင့်ပြီ ဖြစ်သည့် နွေဦးတော်လှန်ရေးသည် စစ်ရေးအောင်မြင်မှုများနှင့် နယ်မြေများ စိုးမိုး ထိန်းချုပ်လာနိုင်သည့် အနေအထားများအောက်တွင် ရှိလာနေပြီ ဖြစ်သည်။
အဆိုပါ အနေအထားအောက်မှ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်သည့် ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အင်းအားစုအားလုံး ပူးပေါင်းပါဝင်မှုနှင့် စုစည်းညီညွှတ်မှုက အထူးလိုအပ်နေသည်ဟု BNI-MPM ၏ “စစ်အုပ်စု၏ ရွေးကောက်ပွဲ အစီအစဉ်၊ ပြည်သူလူထု၏ အကြပ်အတည်းနှင့် နွေဦးတော်လှန်ရေး လမ်းဆုံလမ်းခွ” စာအုပ်တွင် ထည့်သွင်း ဖော်ပြထားသည်။
Photo – Mai A Hein (၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်များက မန္တလေးတိုင်း မိုးကုတ်မြို့အတွင်းသို့ ဝင်ရောက်လာသည်ကို တွေ့ရစဉ်)