တနင်္သာရီတိုင်းအတွင်း နေအိမ် ၄၀ ခန့် စစ်ကော်မရှင် မီးရှို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက ရန်တောင်နှင့် သင်းကျွန်းကျေးရွာရှိ နေအိမ် အလုံးရေ ၄၀ နီးပါးခန့်ကို စစ်ကော်မရှင် စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သည်။
မိုင်းဆွဲ တိုက်ခိုက်ခံရသည့် စစ်ကော်မရှင်တပ် စစ်ကြောင်းမှ ရန်တောင်ကျေးရွာသို့ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က စတင်ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
အသက် ၄၀ ခန့်အရွယ် ရန်တောင်ရွာသားတစ်ဦးက “ရွာအလယ်ပိုင်းက လူမရှိတဲ့နေအိမ်တွေ မီးအရှို့ခံရတာ များတယ်။ မျက်စိနဲ့ တွေ့တာတောင် ဆယ်ဆောင်ကျော် ရှိနေတယ်၊ တခြားနေရာတွေမှာလည်း ရှို့ထားသေး တယ်။ တဆက်တည်း ရှိနေတဲ့ သင်းကျွန်းရွာဘက်မှာပါ ရှို့သွားသေးတာ” ဟု ပြောသည်။
အဆိုပါ စစ်ကြောင်းတွင် အင်အား ၁၀၀ ခန့်ပါပြီး သရက်ချောင်းမြို့နယ်ထဲက မိုးရွှေကုန်းကျေးရွာနှင့် အနီးဝန်း ကျင်ကို ခရီးသည်တင်ကား ၈ စီးဖြင့် စစ်ကြောင်းထိုးလာသည်ဟု ရွာသားများက ပြောသည်။
မီးရှို့ဖျက်ဆီးခြင်း မပြုလုပ်မှီ ခရီးသည်တင် ယာဥ်များဖြင့်လာသည့် စစ်ကော်မရှင် တပ်ဖွဲ့ စစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ရန်တောင်ကျေးရွာ အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်ဟု ရွာသားများက ဆိုသည်။
မိုင်းဆွဲခံရမှုကြောင့် ထိခိုက်မှု အခြေအနေကို မသိရသေးသော်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သံများကို ကြားခဲ့ရသည်ဟု ဆိုသည်။
မီးရှို့ဖျက်ဆီးခြင်း ခံရသည့် နေအိမ်များမှာ ရန်တောင်ကျေးရွာတွင် နေအိမ် ၂၉ ဆောင်ထက် မနည်းရှိပြီး သင်းကျွန်းကျေးရွာတွင် ၈ ဆောင်ရှိသည်ဟု ရွာသားများက ဆိုသည်။
စစ်ကော်မရှင် တပ်ဖွဲ့မှ ရန်တောင်ကျေးရွာနှင့် သင်းကျွန်းကျေးရွာရှိ နေအိမ်များကို မီးရှို့ပြီးနောက်မှာ သရက် နှစ်ခွကျေးရွာဘက်သို့ ထွက်ခွာသွားသည်ဟု ရွာသားများက ပြောသည်။
စစ်ကော်မရှင်တပ် စစ်ကြောင်းက ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းကလည်း သရက်ချောင်းမြို့နယ်ထဲရှိ စော်ဖျား၊ မိုးရွှေကုန်း၊ ဥတ္တူစသည့် ကျေးရွာများကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး နေအိမ် ၇၀ ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့သေးသည်။