IMJA က NUCC ကို သတင်းမီဒီယာ ဥပဒေ မူဘောင် အကြံပြု 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။ 

အနာဂတ်ဖယ်ဒရယ် နိုင်ငံတော်တွင် ပြဌာန်းမည့် သတင်းမီဒီယာ ဥပဒေ မူဘောင်ဆိုင်ရာ အကြံပြုစာတမ်းကို IMJA က NUCC ထံ တင်ပြဆွေးနွေးခဲ့သည်။

လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) မှ လာမည့် အနာဂတ် ဖယ်ဒရယ် နိုင်ငံတော် တွင် ပြဌာန်းမည့် သတင်းမီဒီယာ ဥပဒေ မူဘောင်ဆိုင်ရာ အကြံပြုစာတမ်းအား အမျိုးသား ညီညွတ်ရေး အတိုင် ပင်ခံကောင်စီ (NUCC)ထံ တင်ပြဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိ အာဆီယံနိုင်ငံ အချို့နှင့် အနောက် ဒီမိုကရေစီ နိုင်ငံများ စုစုပေါင်း ၁၁ နိုင်ငံတွင် ပြဌာန်းထားသည့် သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေများအား ဆွေးနွေးတင်ပြခဲ့ကြခြင်း ဖြစ်သည်။

IMJA ကြားကာလကော်မတီ ယာယီအဖွဲ့ဝင် ကိုမှူးက လာမယ့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းက ဖက်ဒရယ် ယူနစ်တွေ ပေါ်လာတဲ့ အချိန်မှာ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။ လက်ရှိချိန်မှာတော့ အားလုံးလည်း သိတဲ့ အတိုင်း ပဲ စစ်ကော်မရှင်က မီဒီယာလွတ်လပ်ခွင့်ဆိုတာ ဘယ်တုန်းကမှလည်း အလေးထားတာ မဟုတ်ဘူး။ အနာဂတ် မှာ ဥပဒေတွေ ဖြတ်သန်းတဲ့အခါ ဒီအချက်တွေကို ဦးစားပေးပြီး ပြဌာန်းဖို့၊ ဒီအချက်တွေက ပါသင့်တယ်။ ဖက် ဒရယ် ဒီမိုကရေစီနိုင်ငံတွေမှာ ပါက်ုပါရမယ့် အချက်တွေဆိုပြီး ဦးစားပေး ပြောခဲ့တာပေါ့လေ။ ဆိုတော့ အဲဒီ အချက်တွေက လက်တွေ့ကျကျ အသုံးဝင်မယ့် အချက်တွေပေါ့နော် ဟု ပြောသည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ အစည်းအဝေး၌ လာမည့် အနာဂတ်တွင် သတင်း အကြောင်းအရာများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပါက သတင်းသမားများဖက်မှ အကာအကွယ် ပေးရန်နှင့် နှစ်ဖက် အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်ရန် အတွက်လည်း ဖြည့်စွက် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးပွဲအား IMJA က ကြားကာလ ကောင်မတီရှိ ယာယီအဖွဲ့ဝင်  ၅ ဦးနှင့် NUCC ဖက်မှ သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ခေါင်းဆောင် ၂၀ ဦး စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ပြီး IMJA ဖွဲ့စည်းပုံကိုလည်း ရှင်းလင်း တင်ပြခဲ့ကြသည်ဟု ဆိုသည်။

ကိုမှူးက အဓိကတော့ ကျနော်တို့ တွေ့ဖို့ရှိတယ်။ Stake Holder တွေ၊ လက်ရှိနိုင်ငံရေး အခင်းအကျဉ်းမှာ ပါဝင် နေတဲ့ တခြားသော အဖွဲ့တွေ၊ တိုင်းရားသား လက်နက်ကိုင်တွေနဲ့ တွေ့ပြီး ဒါတွေကို ပြောပြဖို့ ရှိပါတယ်။ ဒီဟာ တွေက မဖြစ်မနေ လုပ်ရမှာတော့ မဟုတ်ဘူး။ ကျနော်တို့တော့ တိုက်တွန်းတာပေါ့လေ။ ဒီအချက်တွေတော့ ကောင်းတယ် ဆိုပြီးတော့လေ။ ဒါပေမယ့် လက်ရှိ အခင်းအကျင်းမှာတော့ သူတို့ ဘယ်လို သုံးသပ်ကြမလဲ ဆို တာတော့ ကျနော်တို့လည်း မပြောတတ်သေးဘူးပေါ့လေ။ ဒါပေမယ့် ဒီဟာက အားလုံးအတွက် အဆင်ပြေစေ မယ့် မူဘောင်တွေကို ကျနော်တို့က ပြတာပေါ့လေ ဟု ဆက်လက် ရှင်းပြသည်။

IMJA အား ဦးဆောင် ကော်မတီဝင် EC ၁၂ ဦး ဖြင့် ဖွဲ့စည်းထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မအားလပ်သည့် အဖွဲ့ဝင်များ နုတ်ထွက်သွားသည် ဖြစ်ရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရင်နေ့၌ ကြားဖြတ် ရွေးကောက်ပွဲ ပြန်လည်ကျင်းပခဲ့သည်။

အဆိုပါ ကော်မတီဝင်များမှာလည်း ဇူလိုင်လ အကုန်တွင် သက်တမ်း ကုန်ဆုံးသွားသဖြင့် လတ်တလော ယာယီ အဖွဲ့ဝင်များဖြင့် လည်ပတ်လျက်ရှိပြီး လာမည့် ရက်ပေါင်း ၁၀၀ အတွင်း ရွေးကောက်ပွဲ ထပ်မံ ကျင်းပသွား မည် ဟု IMJA လက်ရှိ ဦးဆောင် အဖွဲ့ဝင်များက ဆိုသည်။