စစ်သင်္ဘောယာဉ်တန်းဖြတ်စဉ် ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။ 

ကချင်ပြည်၊ ဗန်းမော်မြို့မှ စုန်ဆင်းလာသည့် စစ်သင်္ဘော ယာဉ်တန်း ထီးချိုင့်မြို့နယ်ကို ဖြတ်သန်းချိန် စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲ့သည်။

ထီးချိုင့်မြို့နယ်ထဲ စစ်သင်္ဘောများ ဝင်လာချိန်တွင် စက်တင်ဘာလ ၆ ရက်နေ့ နှင့် ၇ ရက်နေ့က ဝေဟင်မှ ခြံရံလာသည့် Y 12 ရဟတ်ယာဥ်ဖြင့် လည်းကောင်း၊ မြေပြင်နှင့် စစ်သင်္ဘောများပေါ်မှ လည်းကောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးက ထီးချိုင့်နယ်ထဲ ရောက်တော့ စပြီးပစ်တော့တာပဲ။ တော်တော် အပစ်ခံရတယ်။ ထီးချိုင့်နယ်ထဲ ရောက်တာနဲ့ ဆက်တိုက် သင်္ဘောပေါ်ကနေ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ စပြီး ပစ်တော့ တာပဲ။ လေယာဥ်တွေနဲ့လည်း ဗုံးကြဲတာဟု ပြောသည်။

သေဆုံးသူများမှာ မောင်းကုန်းကျေးရွာမှ ရွာသား ၅ ဦး၊ ကျောက်မှော်ကျေးရွာမှ ၁ ဦး၊ ဘိုကုန်းကျေးရွာမှ ၃ ဦးနှင့် ဝဲကြီး (ချွန်း) ကျေးရွာမှ ၂ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့သည်ဟု ထီးချိုင့် တော်လှန်ရေးအဖွဲ့ (Tigyaing Revolution – TR) က သတင်း ထုတ်ပြန်သည်။

သို့သော် သေဆုံးသူများ၏ အသေးစိတ် အချက်အလက်များကိုမူ Tigyaing Revolution က မထုတ်ပြန်သေး ပေ။

ဗန်းမော်မြို့ကို ရောက်ရှိနေသည့် စစ်သင်္ဘောနှင့် သံခွန်သင်္ဘောများပါသည့် စစ်ရေယာဉ်တန်းသည်သည် ဝေဟင် မှ Y 12 အမျိုးအစား ရဟတ်ယာဥ်များ ခြံရံကင်းထောက်စေကာ မြစ်ကြောင်းအတိုင်း စက်တင်ဘာလ ၅ ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ စုန်ဆင်းလာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်သင်္ဘောအုပ်စုမှာ ထီးချိုင်မြို့နယ် အထက်ဘက်ရှိ ကသာမြို့နယ်၊ ရွှေကူမြို့နယ်တို့ကို ဖြတ်သန်း စုန်ဆင်းလာချိန်တွင်လည်း စစ်ကောင်စီက အလားတူ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ခဲ့သေးသည်။

ကသာမြို့နယ်ဒေသခံ တစ်ဦးက ကသာနယ်ကတော့ မိုးတားလေးရွာ ဈေးရှေ့ အိမ်တွေလည်းထိတယ်။ တကယ့် လူစည်ကားတဲ့နေရာ အဲ့တကြောလေးပေါ့ အိမ်တွေ ဟိုထိ ဒီထိပေါ့။ ပြီးတော့ ကျန်တဲ့ နေရာတွေ လည်း လေယာဥ် ဗုံးချသွားတာ ရှိတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ အားလုံး သင်္ဘောလာတဲ့ အချိန် ရှောင်နေ ကြတော့ အသေအဆုံး အထိအခိုက်တော့ မရှိဘူး ဟု ပြောသည်။

ကသာနှင့် ရွှေကူမြို့နယ်ထဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများထဲ အရပ်သား သေဆုံးမှုများမရှိခဲ့သော်လည်း မြစ်ကမ်းဘေးရှိ ကျေးရွာများထဲက နေအိမ်များစွာ ပျက်စီးခဲ့သည်ဟု ဒေသခံများ က ပြောသည်။

စစ်သင်္ဘောများမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မန္တလေးဂေါဝန်ဆိပ်ကမ်းမှ ဗန်းမော်မြို့အထိ ဆန်တက်ခဲ့ချိန် တွင်လည်း ရေယာဉ်တန်းအတွက် စစ်ကော်မရှင်က လမ်းကြောင်းရှင်း လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ၃၁ ဦး သေဆုံးခဲ့ရသေးသည်။

 ထို့အပြင် ဧရာဝတီမြစ်ကမ်းဘေးရှိ ‌ကျေးရွာအချို့သည် ပစ်ခတ်မှုများ အကြား နေအိမ်များစွာ ပျက်ဆီးမှုများရှိခဲ့ သည့်ပြီး ဘာသာရေး အဆောက်အအုံများနှင့် စေတီပုထိုးများပါ လမ်းကြောင်း ရှင်းပစ်ခတ်မှုတို့ကြောင့် ထိမှန် ပျက်စီးခဲ့သေးသည်။

ဓာတ်ပုံ – ချင်းတွင်းမြစ်ကြောင်းပေါ်ရှိ စစ်သင်္ဘောတစ်စီး (ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်း)