ဒုက္ခသည် ၄၂၀၀၀ ကို ထိုင်းနိုင်ငံက ကနဦး အလုပ်လုပ်ခွင့်ပြုမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။
ထိုင်း – မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုမှ ဒုက္ခသည်များအား ကနဦးအနေဖြင့် ဒုက္ခသည် အယောက် ၄၂,၀၀၀ ကျော်ကို ဦးစွာ အလုပ်လုပ်ကိုင်ခွင့် ပြုမည်ဟု ထိုင်းအစိုးရက ထုတ်ပြန်သည်။
ဤဆုံးဖြတ်ချက်ကို ဒုက္ခသည်များ၊ ၎င်းတို့အား ကူညီဆောင်ရွက်ပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့က တခဲနက် ကြိုဆိုလိုက်ကြ သည်။
ကရင်ငြိမ်းချမ်းရေး အထောက်ကူပြု ကွန်ယက် (KPSN) မှ တာဝန်ရှိသူ နော်ချယ်ရီက “အရင်ဦးဆုံးပြောချင် တာကတော့ ဒီလိုမျိုးတွေ ဖြစ်မြောက်လာအောင် ထိုင်းအစိုးရနဲ့ ပြည်ထဲရေးဌာန၊ အလုပ်သမားဌာနတို့က တောင်းဆိုလာတာကနေ အစိုးရက ခွင့်ပြုလာတာ ဒါကတော့ ပထမဆုံး အဆင့်အနေနဲ့ သတင်းကောင်းပါပဲ။ ဒုက္ခရောက်နေတဲ့ ဒုက္ခသည်စခန်း ၉ ခုလုံးက အလုပ်လက်မဲ့နဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ အခါမှာ ဒီလိုမျိုးကြားရတာတော့ အရမ်းကို ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
ထိုင်း – မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုမှ ဒုက္ခသည်များအား နိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင် ခွင့်ပြုမည့် မူဝါဒတစ်ရပ်ကို ထိုင်းအစိုးရအဖွဲ့က ဩဂုတ်လ ၂၆ ရက်နေ့တွင် အတည်ပြုထားသည်။
အမေရိကန်နိုင်ငံ၏ လူသားချင်း စာနာမှုဆိုင်ရာ ထောက်ပံ့မှုများ ရပ်ဆိုင်းလာခြင်းကြောင့် ဒုက္ခသည် စခန်းများ တွင် နေထိုင်သူများသည် စားဝတ်နေရေး အခက်အခဲ သာမက စိတ်ပိုင်းဆိုင်ရာ ဖိအားများကိုပါ ပြင်းထန်စွာ ရင်ဆိုင်နေရသည် ဒုက္ခသည်များက ပြောသည်။
ထိုအခက်အခဲများနှင့် စိန်ခေါ်မှုများကြားကနေ ယခုကဲ့သို့ ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း အပေါ် ဝမ်းသာကြိုဆိုကြောင်း ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်းတွင် ဆယ်စုနှစ် နှစ်ခုကျော်ကြာ နေထိုင်လာခဲ့သော အမျိုးသားတစ်ဦးက ယခုကဲ့သို့ ပြောသည်။
ကရင်နီဒုက္ခသည် အမျိုးသားက “ဒီကိစ္စကို ကျနော်တို့ကတော့ တောင်းဆိုနေတာ ကြာပြီ။ ဖြစ်လာနိုး ဖြစ်လာနိုးနဲ့ စောင့်နေရတာ လည်း ကြာပြီပေါ့နော်။ အခုအချိန်မှာ လက်ရှိအခြေအနေမှာလည်း ထောက်ပံ့မှုတွေလည်း၊ တခြား ဝန်ဆောင်မှုတွေလည်း လျှော့ချကုန်ပြီပေါ့နော်။ ကျန်းမာရေးတို့၊ ရိက္ခာထောက်ပံ့ရေးက အစလည်း မရှိ တော့ဘူး။ ပြီးတော့လည်း ဒီ တတိယနိုင်ငံ သွားနိုင်မယ့် အခွင့်အရေးကလည်း မရှိတော့ဘူး။ ဒီအပေါ် မှာ ဒီလိုမျိုး ထိုင်းအစိုးရကနေပြီးတော့ ဒုက္ခသည်လူထုတွေကို အလုပ်လုပ်ကိုင်ခွင့် ပြုပေးတယ် ဆိုတာ ကျနော်တို့ကတော့ အများကြီး ဝမ်းသာတာပေါ့နော်။ ဆိုတော့ ဒီလူထုတွေလည်း လက်ခံတယ်။ သဘောလည်း ကျတယ်။ ဝမ်းလည်း သာတယ်။ ကြိုလည်းကြို ဆိုတာပေါ့နော်။ ဆိုတော့ ရောင်ခြည်သန်း လာပြီပေါ့နော်” ဟု ပြောသည်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ (UNHCR) ကလည်း ယခုကဲ့သို့ ထိုင်းနယ်စပ်ရှိ ဒုက္ခသည် စခန်းများ တွင် ခိုလှုံနေကြရသည့် မြန်မာဒုက္ခသည်များကို စခန်းအပြင် ထွက်ပြီး ထိုင်းနိုင်ငံ အတွင်း တရားဝင် အလုပ် လုပ်ခွင့်ပြုမည့် အပေါ်ကြိုဆိုကြောင်း ဩဂုတ်လ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ ဆုံးဖြတ်ချက်မှာ ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ဖြစ်ပြီး ဒုက္ခသည်များကို ထောက်ပံ့ပေး ရုံသာ မက ဒေသတွင်း စီးပွားရေးကိုပါ အကျိုးပြုစေမည်ဟု ထိုင်းနိုင်ငံရှိ UNHCR ကိုယ်စားလှယ် က ဆိုသည်။
ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ ဤမူဝါဒသည် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို တိုးမြှင့်နိုင်ပြီး ဒုက္ခသည် များအား စောင့်ရှောက်ရာတွင် နိုင်ငံတော်၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်မည်ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံ၏ လုံခြုံရေး၊ စီးပွားရေး၊ ပြည်သူ့ကျန်းမာရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးတို့ အတွက်ပါ အကျိုး ဖြစ်ထွန်းစေမည်ဟု ရှုမြင်ထားသည်ဟု ဆိုသည်။
ယခု ဆုံးဖြတ်ချက်သည် ထိုင်း – ကမ္ဘာဒီးယား ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ထိုင်းအလုပ်သမား လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်မည့် အပြင် နေရပ်မပြန်နိုင်သေးသော ဒုက္ခသည်များအတွက်လည်း လူသားဆန်သော အဖြေတစ်ခုကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
ထိုင်းအစိုးရ၏ အချက်အလက်များ အရ ထိုင်းနိုင်ငံ နယ်စပ်တစ်လျောက်တွင် နေရပ်စွန့်ခွာသူ ၇၇,၇၁၈ ဦးကို ယာယီ ဒုက္ခသည် ခိုလှုံရေးစခန်း ၉ ခုတွင် လက်ခံထားသည်ဟု သိရသည်။
ထိုထဲမှ လူအများစုသည် ဒုက္ခသည်စခန်းများတွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်နေကြရသူများ ဖြစ်ပြီး ဒုက္ခသည် လူဦးရေ၏ ၄၇ ရာခိုင်နှုန်းသည် ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။