ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင် တဘက်ရှိ ထီးခီးဒေသကို စစ်ကော်မရှင် ဗုံးကြဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။
ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲခဲ့ရာ အရပ်သား ၂ ဦး ဒဏ်ရာရခဲ့သည်။
စစ်ကော်မရှင်တပ်သည် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ဖြစ်သော ထီးခီးကျေးရွာကို တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ အောက်တိုဘာလအတွင်း တတိယအကြိမ်မြောက် လေယာဉ်ဖြင့် ဗုံးထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြော သည်။
နောက်ဆုံးတိုက်ခိုက်မှုကို အောက်တိုဘာလ ၁၄ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး၊ ဗုံးကြဲမှုကြောင့် ဈေးဆိုင်တစ်ဆိုင် မီးလောင်ပျက်စီးခဲ့ကာ အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဒေသခံတစ်ဦးက “တိုက်ပွဲမရှိဘဲ ဗုံးလာကြဲနေတာက စစ်တပ်က ထိုးစစ်ဆင်ဖို့ ဖြစ်နိုင်ချေရှိနေတယ်။ ရွာသား တချို့လည်း နေမရဲတော့ဘူး၊ ရှောင်တိမ်းတဲ့သူတွေ ရှောင်နေကြပြီ”ဟု ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကာစီနိုလောင်းကစားရုံများ အပါအဝင် အရပ်သားနေအိမ်များနှင့် အလုပ်ရုံ အဆောက်အအုံ အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းက ဆိုသည်။
စစ်ကော်မရှင်တပ်သည် အောက်တိုဘာလ ၈ ရက်နေ့မှ စတင်၍ ကေအန်ယူ တပ်မဟာ(၄) ထိန်းချုပ်နယ်မြေ ဖြစ်သည့် ထီးခီးဒေသကို စတင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင်လည်း တစ်ကြိမ် ထပ်မံဗုံးကြဲခဲ့သဖြင့် ယခုလအတွင်း ၃ ရက် ၃ ကြိမ်အထိ လေယာဉ်ဖြင့် တိုက်ခိုက်မှုများ ရှိလာခဲ့ သည်။
လက်ရှိတွင် ထားဝယ်ခရိုင်အတွင်းရှိ ကံပေါက်ဒေသနှင့် ထိစပ်နေသည့် နတ်အိမ်တောင်စခန်းမှလွဲ၍ ထိုင်း-မြန်မာ နယ်စပ်ဒေသ တစ်ခုလုံးကို ကေအန်ယူ (KNU) မှ ထိန်းချုပ်ထားသည်။
ယင်းဒေသ၌ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် ထီးထစခန်း၊ မေလ ၉ ရက်နေ့တွင် ထီးခီးနယ်စပ်စခန်းနှင့် နယ်စပ် ကုန်သွယ်ရေးဂိတ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ဗောဓိစခန်း၊ ဇူလိုင်လ ၇ ရက်နေ့တွင် သုခစခန်းများကို ကေအန်ယူ (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူထားခဲ့သည်။
ထိုသို့ တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် စစ်ကော်မရှင်တပ်ဘက်မှ လေကြောင်းဖြင့် မကြာခဏ တိုက်ခိုက်လာခြင်း ဖြစ်သည်။