တိုက်ပွဲ ပြင်းထန်လာသဖြင့် ဗန်းမောက် ဒေသခံများ စစ်ရှောင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့အနီး တိုက်ပွဲပြင်းထန်လာမှုကြောင့် ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၂,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရသည်။
ဗန်းမောက်မြို့အနီးတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းနီအမျိုးသား တပ်မတော် (SNA) ပူးပေါင်းတပ်ဖွဲ့တို့၏ ထိုးစစ် ကြောင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်လာနေသည်။
အဆိုပါ စစ်ရေးတင်းမာမှု အခြေအနေများကြောင့် ကျေးရွာပေါင်း ၁၅ ရွာခန့်မှ အရပ်သားများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ထားသည်။
စစ်ရေးအခြေအနေ သိရှိသူ ဒေသခံတစ်ဦးက “အခုတိုက်ပွဲက စက်တောကျေးရွာဘက်မှာ ဖြစ်နေတာ။ စစ်ဘေး ရှောင်တွေကတော့ များလာတယ်။ တော်လှန်ရေး အင်အားစုတွေဘက်ကို ပြေးလာတာတွေလည်း ရှိသလို ဗန်းမောက် အနောက်ဘက်ခြမ်းကို ပြေးသွားတာတွေလည်းရှိတယ်။ အခုမြို့သိမ်းပြီးတဲ့နောက်ပိုင်း SNA က ထိုးစစ်ဆင်လာတော့ စက်တောရွာအထိ သူတို့ရောက်လာကြတာ။ အခုတော့ အဲ့ဘက်မှာဘဲ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်”ဟု ပြောသည်။
တော်လှန်ရေးအင်အားစုများက ဗန်းမောက်မြို့ကို ထိန်းချုပ်ပြီးနောက်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် SNA ပူးပေါင်းတပ်ဖွဲ့သည် မြို့ကို ပြန်လည်သိမ်းပိုက်ရန် အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်မှု အရှိန်မြှင့် လုပ်ဆောင် လာခြင်း ဖြစ်သည်။
ထို့ကြောင့် နှစ်ဖက်တပ်များအကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည်ဟု မြေပြင် သတင်းအရင်းအမြစ်များ က ပြောသည်။
လက်ရှိတွင် ဗန်းမောက်မြို့နှင့် အနီးတစ်ဝိုက်ရှိ စက်တောကျေးရွာ အနီး၌ နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်နေ ကြောင်း သိရသည်။
စစ်ဘေးရှောင်တိမ်းနေရသည့် ကျေးရွာများတွင် စက်တော၊ အလယ်ရွာ၊ နားယကာ၊ ကံရွာ၊ ကြောင်လည်၊ ပင်ဟင်းခါး၊ ခမိုး၊ မြစ်သေးချင်း စသည့် ကျေးရွာများ အပါအဝင် စုစုပေါင်း ကျေးရွာ ၁၅ ရွာခန့် ပါဝင်ပြီး စစ်ရှောင်အရေအတွက် စုစုပေါင်း ၂ ထောင်ဝန်းကျင် ရှိနေသည်ဟု စစ်ရှောင်အရေး ကူညီပေးနေသူများက ခန့်မှန်းထားသည်။
ဗန်းမောက် – ပအဖ ၏ ထုတ်ပြန်ချက်အရ စစ်ဘေးရှောင် အများစုသည် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ဖြစ်ကြပြီး၊ အစားအသောက်၊ ဆေးဝါး၊ အဝတ်အထည်နှင့် ခြင်ထောင်များ အရေးတကြီး လိုအပ်လျက်ရှိသည်။
ဗန်းမောက် – ပအဖ ၏ လူမှုကွန်ရက် စာမျက်နှာတွင် “ဒီနေ့အထိ စစ်ရှောင်တွေက တဖွဲဖွဲရောက်ရှိလာ နေပါ တယ်။ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေကို ပြည်သူ ၃၀၀ ထက်မနည်းကို ဆေးဝါးကုသပေးပြီး ဖြစ်ပါတယ်။ ရေရှည်မှာ အကူအညီတွေ လိုအပ်နေအုံးမှာပါ” ဟု ရေးသားထားသည်။
ဗန်းမောက်မြို့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ် ခဲ့ပြီး ခမိုးနှင့် စက်တော ကျေးရွာများကိုပါ ထိန်းချုပ်နိုင်ခဲ့သည်။
သို့သော် အောက်တိုဘာလ ၄ ရက်နေ့တွင် ဟုမ္မလင်းမှ တပ်မ ၃၃ လက်အောက်ခံ စစ်ကော်မရှင်တပ်များနှင့် SNA တပ်သားများ ပူးပေါင်းကာ ထိုးစစ်ဆင်လာသဖြင့် အဆိုပါ ကျေးရွာနှစ်ရွာကို တော်လှန်ရေး အင်အားစုက လက်လွှတ်ခဲ့ရသည်။
လက်ရှိတွင် ဗန်းမောက်မြို့ကို လက်မလွှတ်ရရေး တော်လှန်ရေး အင်အားစုဘက်က ပြင်းပြင်းထန်ထန် ခုခံကာ ကွယ်နေပြီး၊ စစ်ကော်မရှင် ပူးပေါင်းတပ်ဖွဲ့ကမူ တစ်ရက်ခြား လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသည့် အပြင် သာလွန် အင်အားများဖြင့်ပါ မြေပြင်ထိုးစစ်ဆင်လာနေသည်။