ဗန်းမောက်ကို စစ်ကော်မရှင်နှင့် ရှမ်းနီတပ် ပြန်လည်ထိန်းချုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။ 

ဗန်းမောက်မြို့ကို စစ်ကော်မရှင်တပ်နှင့် ရှမ်းနီ တပ်မတော် SNA ပူးပေါင်းတပ် ပြန်လည်ထိန်းချုပ်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုများ သိမ်းပိုက်စိုးမိုးထားသည့် ဗန်းမောက်မြို့ကို လေကြောင်း ပစ်ကူနှင့် အဆင့်မြင့်ဒရုန်းနည်းပညာများကို အသုံးပြုကာ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များက ဗန်းမောက်မြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း ၄ လကျော်ကြာ တန်ပြန်ထိုးစစ်များကို ပြင်းထန်စွာ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ 

ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စစ်ကော်မရှင်တပ်က တိုက်လေယာဉ် ၃ စင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ သဖြင့် မြို့ပေါ်၌ နောက်ဆုံးကျန်ရှိနေသည့် အောင်သာကုန်းရပ်ကွက်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာ ပေးခဲ့ရပြီး မြို့ပေါ်ရပ်ကွက် ၄ ခုလုံးကို လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။

ဗန်းမောက်မြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကော်မရှင်တပ်သည် SNA တပ်ကို အဆင့်မြင့်နည်းပညာသုံး လက်နက်များ ထောက်ပံ့ပေးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ဗန်းမောက်မှာ သုံးသွားတာဆိုရင် အဆင့်မြင့် ကင်းထောက်ဒရုန်းနဲ့ ဗန်းမောက်ကို ဝဲတယ်။ ဝဲပြီးတော့မှ လက်နက်ကြီးနဲ့ အတိအကျချိန်ပြီး လှမ်းထုတယ်။ အသေခံဒရုန်းတွေရောပေါ့ တောက်လျှောက်သုံးလာတာ။ အဲ့လိုနဲ့ပဲ ဗန်းမောက်မြို့ကြီးကို အရယူသွားတာ။ ရဲဘော်တွေကတော့ သူတို့လောက်လည်း ဖြုံးလည်းမဖြုံးနိုင် သုံးလည်းမသုံးနိုင်ဆိုတော့ နောက်ဆုတ်ခဲ့ရတာပေါ့။ စစ်ကောင်စီကလည်း တောက်လျှောက်ကူညီနေတာ။

စစ်ကော်မရှင်သည် ဗန်းမောက်မြို့သိမ်း ထိုးစစ်တွင် ဂျက်ဖိုက်တာ တိုက်လေယာဉ်များသာမက Y-12 ယာဉ်များ ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်တွင် သေဆုံးမှုများပြားခဲ့ကြောင်း ဆိုသည်။ 

ထို့ပြင် ဟုမ္မလင်းမြို့ရှိ စစ်ကော်မရှင် ဗျူဟာအဖွဲ့နှင့် တပ်ရင်း ၃ ရင်းခန့်သည် လက်နက်နှင့် လူအင်အား အလုံး အရင်းဖြင့် ကူညီပေးခဲ့သည်ဟု စစ်ကိုင်းနှင့် ကချင်အစပ်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြု သည်။

ဟုတ်တယ်။ ဆုတ်ခဲ့ရပြီ။ ဟုမ္မလင်းကနေ စကမအဖွဲ့က ဆင်းလာတာ။ စကမ တစ်ဗျူဟာနဲ့ တပ်ရင်း ၃ ရင်း ရှမ်းနီတွေရော။ ကသာ၊ ထီးချိုင့်တို့ကိုလည်း ဖိအားပေးမလို့ ထင်တယ်။ တစ်ခရိုင်တည်း ဖြစ်နေတာကို။ အရေးကြီးတဲ့ နေရာအားလုံး ပေးလိုက်ရတဲ့ သဘောပေါ့လေ။ 

လက်ရှိတွင် ဗန်းမောက်မြို့ပေါ်၌ စစ်ကော်မရှင်တပ်နှင့် SNA တပ်များ နေရာယူထားပြီး မြို့ခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။ 

စစ်ရေးအခြေအနေ စောင့်နေကြည့်နေသူများကမူ  ဗန်းမောက်မြို့ကို ပြန်လည်ရရှိသွားသည့် ပူးပေါင်းတပ်များ သည် ယခုအခါ အင်အားတောင့်တင်းလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားဆဲဖြစ်သော ဗန်းမောက် တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများအထိ နယ်မြေဖြန့်ကျက် ထိုးစစ်ဆင်လာနိုင်ကြောင်း သုံးသပ်နေကြသည်။

ရွှေနှင့် သစ်ကဲ့သို့သော သယံဇာတ ပေါများသည့် ဗန်းမောက်မြို့သည် ကချင်ပြည်နှင့် ထိစပ်နေသည့် မဟာ ဗျူဟာကျသော မြို့ဖြစ်ပြီး ရှမ်းနီ၊ ကဒူး၊ ကနန်း လူမျိုးစုများ အများစု နေထိုင်ရာ ဒေသတစ်ခုလည်း ဖြစ်သည်။